မလေးရှားမှာ မြန်မာနိုင်ငံသား နှစ်ရာကျော် ဖမ်းဆီးခံရ

RFA Burmese
2024.05.24
မလေးရှားမှာ မြန်မာနိုင်ငံသား နှစ်ရာကျော် ဖမ်းဆီးခံရ မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် စီနိုင်းမြို့ရှိ စက်ရုံတွင် အလုပ်လုပ်နေကြသည့် အလုပ်သမားများအား ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့က မလေးရှားအာဏာပိုင်များမှ ဝင်ရောက်ဖမ်းဆီးခဲ့စဥ်။
Citizen Journalist

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် စီနိုင်းမြို့ ပရင့်တူးရပ်ကွက်ကို မေလ ၂၃ ရက်နေ့မှာ မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စီးနင်းစဥ် မြန်မာအလုပ်သမား နှစ်ရာကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ မလေးရှားရောက် မြန်မာအလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

မြန်မာအလုပ်သမားတွေ အလုပ်လုပ်တဲ့ လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့စက်ရုံနဲ့ အလုပ်သမားတွေကိုထားရှိတဲ့ အဆောင်နေရာတွေကို ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာလို့ မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။

“အလုပ်သမားတွေနေတဲ့ မိုးနိဆောင်မှာလည်း ဖမ်းတယ်။ တစ်ရာကျော်ပါသွားတယ်။ တိုကျိုပလပ် စက်ရုံကလည်း သုံးရာကျော်ပါသွားတယ်။ မြန်မာက ၂၅၀ လောက်ပါသွားတယ်။ အများပိုင်းကတော့ မိန်းကလေးတွေ များတာ။ တိုကျိုပလပ်က ပါသွားတဲ့မြန်မာတွေထဲမှာ ကျနော်အသိတွေ အယောက် နှစ်ဆယ်ကျော်လည်းပါသွားတယ်”

ဖမ်းဆီးခံရသူအများစုဟာ မလေးရှားနိုင်ငံထဲမှာ တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် အထောက်အထား မပြည့်စုံတဲ့သူတွေလို့ သူက ဆိုပါတယ်။

အခုစီးနင်းခံလိုက်ရတဲ့နေရာမှာ မြန်မာနဲ့ နီပေါနိုင်ငံသားတွေ အများစု အလုပ်လုပ်ကြပြီး ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်နိုင်ဖို့ ကူညီပေးနေတယ်လို့ မလေးရှားရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“မနေ့က စုစုပေါင်းဆို ငါးရာလောက်ရှိမယ်၊ မြန်မာ၊ နီပေါပေါ့။ အေးဂျင့်တွေက ထုတ်တဲ့သူတချို့ နည်းနည်းလွတ်လာတယ်။ မလွတ်တဲ့သူတွေလည်း တော်တော်များသေးတယ်။ နောက်ပြီး ကျွန်တော်တို့ကိုယ်တိုင်လည်း ထပ်ပြီးလိုက်နေတယ်။ ကျွန်တော်တို့ကတော့ UNHCR နဲ့ ထောက်ခံချက်နဲ့ ပူးပေါင်းပြီးတော့ သွားကြတာ”

မေ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေကလည်း မလေးရှားနိုင်ငံ ဆန်လန်ဂေါပြည်နယ် ကလန်းမြို့မှာ မထောက်အထားမပြည့်စုံတဲ့ မြန်မာနိုင်ငံသား ၁၇၀ ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဧပြီ ၂၆ ရက်နေ့ကလည်း မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်မှာ အထောက်အထားမဲ့ မြန်မာအလုပ်သမား သုံးဆယ်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးရဲ့ ၂ဝ၂၄ ခုနှစ် ဧပြီလကုန်အထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ ၁၉၀,၀၀၀ နီးပါးရှိတဲ့အထဲမှာ ၁၆၀,၀၀၀ ကျော်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။