စစ်ကောင်စီ အကြမ်းဖက်မှုတွေ တားဆီးဖို့ မလေးရှားကို NUG တိုက်တွန်း
2025.03.19

စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မလေးရှားနိုင်ငံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ ဦးဆောင်မှုအောက်မှာ အာဆီယံအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒေသတွင်းလုံခြုံရေးအပေါ် ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက်စောင့်ထိန်းဖို့လိုတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ဟာ မြန်မာပြည်သူတစ်ဦးချင်းစီရဲ့ တရားမျှတမှု၊ ငြိမ်းချမ်းမှုတွေ ပြန်လည်ဖော်ဆောင်နိုင်မယ့် ဆောင်ရွက်ချက်တွေကို ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့် အချိန်ဖြစ်တယ်လို့လည်း ရေသားထားပါတယ်။
အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ကျော်လွန်ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို ကူညီပေးနိုင်ဖို့အတွက် ဆောင်ရွက်ချက်တွေချမှတ်ဖို့ အခွင့်အလမ်းတွေရှိနေတယ်လို့ ဆိုပါတယ်။
NUG ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။
စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်က ဘာသာရေးဆိုင်ရာ နေရာတွေနဲ့ အရပ်သားပြည်သူတွေကို စစ်ကောင်စီက ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှု ဆက်လက်မြင့်တက်နေတယ်လို့ ဆိုပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ထောင့်နှစ်ရာနီးပါး (၂၁၉၀ ကြိမ်) လုပ်ခဲ့ပြီး ကလေးသူငယ် သုံးရာ့ခုနစ်ဆယ်ကျော် (၃၇၂ ဦး) သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ရုံသာမက ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဂျီနီဗာသဘောတူစာချုပ်ကိုလည်း ချိုးဖောက်ရာရောက်တယ်လို့ NUG က ပြောပါတယ်။
ဒါကြောင့် မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူတွေကို ထိန်းသိမ်းဖို့ နိုင်ငံတကာ တုံ့ပြန်ဆောင်ရွက်ချက်တွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ရေးသားထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။