အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ စစ်ကောင်စီ နဲ့ NUG ကို မလေးရှားဝန်ကြီးချုပ်တိုက်တွန်း

RFA Burmese
2025.05.01
အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ စစ်ကောင်စီ နဲ့ NUG ကို မလေးရှားဝန်ကြီးချုပ်တိုက်တွန်း အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်။
AFP

မြန်မာစစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် မြန်မာနိုင်ငံက သက်ဆိုင်သူအသီးသီး အနေနဲ့ ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးတွေကို ဆက်လက် သက်တမ်းတိုးဖို့ အာဆီယံဥက္ကဌ မလေးရှား ဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က ထပ်မံတိုက်တွန်းလိုက်ပါတယ်။

မလေးရှားနိုင်ငံခြားရေးဌာနက ဧပြီ ၃၀ ရက်နေ့က ထုတ်ပြန်ချက်မှာ မကြာသေးခင်က ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လုပ်ငန်းတွေ ဘေးကင်းလုံခြုံပြီး အတားအဆီးမရှိ လုပ်ဆောင်နိုင်ရေး သေချာစေဖို့ လက်ရှိအပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ တောင်းဆိုထားကြောင်း ဖော်ပြပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအတွက် အပစ်အခတ်ရပ်စဲရေးကို ဧပြီ ၃၀ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတာ သတိပြုမိကြောင်း၊ ရှိပြီးသားအပစ်အခတ်ရပ်စဲရေးကို ထိန်းထားရုံသာမက တနိုင်ငံလုံးအပစ်ရပ်ရေး ချဲ့ထွင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ကျယ်ကျယ်ပြန့်ပြန့် လူသားချင်းစာနာမှု အပစ်အခတ်ရပ်စဲရေးဟာ နိုင်ငံတဝှမ်း ဘေးကင်း လုံခြုံပြီး ဘက်မလိုက်ဘဲ၊ ထိရောက်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေ လွယ်ကူချောမွေ့စေဖို့ မရှိမဖြစ်လိုအပ်တဲ့အပြင် မြေပြင်မှာ လုပ်ဆောင်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ နဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေရဲ့ ဘေးကင်းလုံခြုံရေးကိုလည်း သေချာစေပါတယ်လို့ ဆိုပါတယ်။

ဧပြီလအစောပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ဆွေးနွေးမှုတွေမှာ နှစ်ဖက်လုံးက အပစ်အခတ်ရပ်စဲရေးကို ဆက်ထိန်းထားဖို့ အဆင်သင့်ရှိကြောင်း ဝန်ကြီးချုပ်က အတည်ပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၅ ခုနှစ် အတွက် အာဆီယံဥက္ကဌဖြစ်တဲ့ မလေးရှားနိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့ နိုင်ငံတကာမိတ်ဖက်အဖွဲ့တွေ နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ထဲက မြန်မာနိုင်ငံကထိခိုက်ခံစားခဲ့ရတဲ့ လူမှုအသိုက်အဝန်းဆီ အကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့ မလေးရှားက ကတိပြုထားကြောင်း နဲ့ မြန်မာ့အကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး အားလုံးပါဝင်တဲ့ ဖြေရှင်းနည်းကို ထောက်ခံဖို့ အသင့်ရှိကြောင်းလည်း မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။