ဒဏ်ရာရသူတွေကို ငွေလှူဖို့ ကြိုးစားသူတစ်ဦး ဖမ်းဆီးတရားစွဲခံရ

2021.03.29
ဒဏ်ရာရသူတွေကို ငွေလှူဖို့ ကြိုးစားသူတစ်ဦး ဖမ်းဆီးတရားစွဲခံရ တနင်္သာရီတိုင်း၊ မြိတ်မြို့ က မမို့မို့အောင် ခေါ် မအိအိစိုး ကို တွေ့ရစဉ်
.

တနင်္သာရီတိုင်း၊ မြိတ်မြို့ Market Garden စျေးဝယ်စင်တာအနီးမှာ နေထိုင်သူ မမို့မို့အောင် ခေါ် မအိအိစိုး ဟာ မတ် ၂၆ ရက်နေ့က မြိတ်မြို့ဆန္ဒပြပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို ကူညီဖို့ ကြိုးစားတာကြောင့် အဲဒီညပိုင်းမှာပဲ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အဖမ်းခံရပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရတယ်လို့ မိသားစုက ပြောပါတယ်။

မတ် ၂၆ ရက်နေ့ မြိတ်မြို့ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းတာကြောင့် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရချိန်မှာ၊ မမို့မို့အောင် ခေါ် မအိအိစိုး က သူ့ရဲ့ဖေ့စ်ဘွတ် စာမျက်နှာကနေ “ဒဏ်ရာရသူတွေ သူ့ကို ဆက်သွယ်ပါ၊ လိုအပ်တာမှန်သမျှ ကူညီမယ်” ဆိုပြီး သူ့ဖုန်းနံပါတ်ပါတဲ့ ပို့စ်တစ်ခုကို ရေးတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီည ၁၁ နာရီလောက်မှာပဲ ရဲနဲ့ စစ်သားအများအပြား၊ Market Garden စျေးဝယ်စင်တာအနီးက မမို့မို့အောင် ခေါ် မအိအိစိုး ရဲ့ နေအိမ်တိုက်ခန်းကို ရောက်လာပြီး ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

မအိအိစိုးနဲ့အတူ မီးခံသေတ္တာထဲမှာ သိမ်းထားတဲ့ ထိုင်းဘတ်ငွေ သိန်း ၂၈၀ နဲ့ မြန်မာကျပ်ငွေ သိန်း ၁၅၀၀ ကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက သိမ်းယူသွားတယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

လက်ဝတ်ရတနာ အမြောက်အမြားကိုတော့ မယူဘဲ ပြန်ပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

အခုအခါ မမို့မို့အောင် ခေါ် မအိအိစိုးကို မြိတ်မြို့၊ မြို့မရဲစခန်းအချုပ်မှာ ဖမ်းဆီးထားပြီး ပုဒ်မ ၅၀၅ (က) တပ်မတော်ကို အကြည်ညိုပျက်စေမှုနဲ့ တရားစွဲထားတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ အခုရက်ပိုင်း မြိတ်မြို့လူထုဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်က ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်း ခဲ့တာကြောင့် မအိအိစိုးရဲ့ အမှုကို ရှေ့နေတွေကိုယ်တိုင် မလိုက်ပေးရဲတဲ့အတွက် ရှေ့နေငှားမရဘဲ အကူအညီမဲ့နေတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

RFA က သီးသန့်ကောက်ယူပြုစုထားတဲ့ စာရင်းအရ၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့ မတ်လ ၂၉ ရက် နေ့အထိ စစ်အာဏာသိမ်း နှစ်လနီးပါး ကာလအတွင်းမှာ၊ ရဲနဲ့ စစ်တပ်က ပစ်ခတ်ဖြိုခွင်းတာကြောင့် မြိတ်မြို့အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူအရေအတွက် ၅၀၀ နီးပါးရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Saw Stevin
2021-03-29 06:36

What is the "Justice "?
Good Luck Myanmar Peoples