ကျိုက်ထိုမှာ ဖမ်းဆီးခံရတဲ့ ဒေသခံရှစ်ဦး မိသားစုနဲ့ အဆက်အသွယ်မရ
2024.06.28
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ လူမှုကူညီရေး အသင်းသားတွေ အပါအဝင် ဒေသခံ ရှစ်ဦးဟာ နှစ်ပတ်ကျော်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘဲ သတင်းအစန ပျောက်နေတယ်လို့ ဒေသခံတွေက ဇွန်လ ၂၈ ရက်နေ့မှာ ပြောပါတယ်။
ဇွန်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့မှာ လူမှုကူညီရေး အသင်းဝင်တွေ ဖြစ်ကြတဲ့ ဦးမြအောင်နဲ့ မချစ်စုရတနာတို့ သားအဖနှစ်ဦးနဲ့ ကိုချမ်းသာအောင်၊ ဦးစိုးလှိုင်တို့ အပါအဝင် ဒေသခံ ရှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံထားရသူတွေဟာ မိသားစုနဲ့ တွေ့ခွင့်မရတဲ့အပြင် သူတိုရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းတစ်ခုမှ မသိရလို့ စိုးရိမ်နေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အိမ်က မိသားစုတွေ သွားတွေ့တာ တွေ့ခွင့်မရဘူး။ သူတို့အကြောင်း သွားစုံစမ်းတယ်။ ဘယ်လိုမှ စုံစမ်းလို့မရဘူး။ အရင်က စခန်းမှာလို့တော့ သတင်းကြားတယ်။ အခုနောက်ပိုင်းမှာတော့ ဘာသတင်းမှ မရတော့ဘူး။ အခုဘယ်မှာထားလဲ မသိဘူး။ အင်္ကျီအဝတ်အစားတွေလည်း ပေးခွင့်မရှိဘူး။ ထမင်းထုတ်လည်း ပေးခွင့်မရှိဘူး”
စတင်ဖမ်းဆီးသွားချိန်က ကျိုက်ထို မြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရတော့ဘူးလို့ သူက ဆိုပါတယ်။
မိသားစုတွေအနေနဲ့ ကျိုက်ထို မြို့မရဲစခန်းနဲ့ ကျိုက်ထိုမြို့နယ် အခြေစိုက် တပ်မ (၄၄) ဌာနချုပ်ကို နေ့စဉ် သွားရောက်မေးမြန်းစုံစမ်းနေပေမယ့် စစ်တပ်တာဝန်ရှိသူတွေက အကြောင်းမပြန်ဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၂၇ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်လို့ လူပေါင်း ၂၆,၉၂၅ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၂၀,၆၄၄ ဦးကတော့ ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။