ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက် ဖမ်းဆီးခံရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဒုရဲအုပ် ချယ်ရီထက်နဲ့ ရဲအုပ် ပြည့်ဖြိုးနိုင်တို့ကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ RFA ရဲ့ နေပြည်တော် သတင်းအရင်းမြစ်တွေက အတည်ပြုပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းတဲ့ မနက်အစောပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချိန်မှာ ဒီသက်တော်စောင့်တွေကို မဖမ်းဘဲ နေပြည်တော်က ဝန်ထမ်း အိမ်ခန်းတွေမှာ စောင့်ကြည့်ခဲ့ပြီး အချိန် ရှစ်လ လောက်ကြာမှ အခုလိုဖမ်းဆီးလိုက်တာလို့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
“အဲဒီတုန်းက သူတို့စောင့်ကြည့်သဘောနဲ့ပဲ ထားတာ။ စက်တင်ဘာ ၁၈ ရက်နေ့ကတည်းက သူတို့ဖုန်းတွေကို သိမ်းလိုက်တယ်။ စက်တင်ဘာ ၂၁ ရက်နေ့မှာ အဖမ်းခံရတာ” လို့ ရဲတပ်ဖွဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။
CDM လုပ်ထားတဲ့ ရဲနဲ့စစ်သားတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်တဲ့ Myanmar Police CDM Channel မှာတော့ ဒုရဲအုပ် ချယ်ရီထက် ကို နေပြည်တော် အမှတ်(၁) မြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားတယ်လို့ ဖော်ပြထားပါတယ်။
သူတို့နှစ်ယောက်ကို သတင်းရဲတပ်ဖွဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန ဒုရဲမှူးဇော်ဝင်းထွန်း ဆိုသူက တရားလိုလုပ် အမှုဖွင့်ထားတာလို့ အမည်မဖော်လိုတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက RFA ကိုပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒုရဲအုပ် ချယ်ရီထက်ဟာ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝင်တချို့နဲ့ ဆက်သွယ်ခဲ့လို့ ဖမ်းဆီးစစ်ဆေးနေတာလို့ မန္တလေးမြို့ အခြေစိုက် VOM သတင်းဌာနကို ဒီကနေ့ အတည်ပြုပြောထားပါတယ်။ ရဲအုပ် ပြည့်ဖြိုးနိုင် နဲ့ ပတ်သက်လို့တော့ ပြောဆိုထားခြင်း မရှိပါဘူး။
၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနိုင်ရပြီးနောက် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အကြီးအကဲအဖြစ် တာဝန်ယူချိန်မှာ သူ့အတွက် သက်တော်စောင့် ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဌာနက ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီရဲအဖွဲ့ကို အခုအဖမ်းခံရတဲ့ ရဲအုပ် ပြည့်ဖြိုးနိုင် က ဦးဆောင်ပါတယ်။ ဒုရဲအုပ် ချယ်ရီထက် ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ဆုံး နေခဲ့သူဖြစ်ပြီး နိုင်ငံတော်အဆင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးကနေ အမြဲလိုက်ပါခွင့်ရခဲ့သူ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုရဲအုပ် ချယ်ရီထက် တို့ကြား မိသားစုသဖွယ် ရင်းနီးတဲ့ဆက်ဆံရေးရှိတဲ့ မှတ်တမ်းဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီးတဲ့နောက် ဒုရဲအုပ်ချုပ် ချယ်ရီထက်ဟာ လူအများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ဒုရဲအုပ် ချယ်ရီထက် ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မိသားစုဝင်တစ်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ မိသားစုနဲ့ အဆက်အသွယ်မရတာ အတော်ကြာပြီလို့ ပြောဆိုပါတယ်။