CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဒုရဲအုပ် ဖမ်းဆီးခံခဲ့ရပြီး ဆေးကုသခွင့်မရဖြစ်နေ

မန္တလေး၊ ချမ်းအေးသာစံမြို့နယ် အမှတ် (၆) နယ်မြေရဲကင်းမှာ တာဝန်ကျနေတဲ့ ဒုရဲအုပ် ဂျော်နီ (ခ) သူရ ဟာ စစ်အာဏာသိမ်းကို မကြိုက်တဲ့အတွက် လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ၂၅ ရက်အကြာမှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရပြီး ဆေးကုသခွင့်မရ ဖြစ်နေတယ်လို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။
"ရခိုင်မှာ သုံးနှစ် တာဝန်ထမ်းဆောင်ပြီး ပြန်လာတာ တစ်လလောက်ပဲ ရှိသေးတယ်။ ရိုက်နှက်ခံရတာရော ၊ ကျောက်ကပ်ရောဂါအခံကြောင့်ရော စိုးရိမ်နေရပါတယ်။ အထဲမှာ စားရေး၊ သောက်ရေးကအစ အဆင်မပြေဘူး။ ဧည့်တွေ့လည်း မရဘူး။ CDM လုပ်တော့ မိသားစုကို ပတ်ဝန်းကျင်ကလည်း မခေါ်၊ မပြောကြတော့ဘူး။"လို့ ဒုရဲအုပ် ဂျော်နီ ရဲ့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။
ဒုရဲအုပ် ဂျော်နီ ဟာ မတ်လ ၃ ရက်နေ့မှာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ မန္တလေးတိုင်း အရံတပ်ဖွဲခွဲရုံးအချုပ်မှာ ချုပ်ထားခံရတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းတာကို လက်မခံတဲ့အတွက် စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြား CDM လှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။