မောင်တောက အဖမ်းခံရတဲ့ ရိုဟင်ဂျာအုပ်ချုပ်ရေးမှူး နှစ်ရက်အတွင်း သေဆုံး

2021.09.01
မောင်တောက အဖမ်းခံရတဲ့ ရိုဟင်ဂျာအုပ်ချုပ်ရေးမှူး နှစ်ရက်အတွင်း သေဆုံး ရခိုင်ပြည်နယ်၊ မောင်တောမြို့က စျေးကြီးကို မြင်တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဦးရှည့်ကျကျေးရွာက ရိုဟင်ဂျာအုပ်ချုပ်ရေးမှူး ဦးရူဘီအာလောမ်ကို သြဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းမှာ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့ မနေ့က မောင်တောမြို့နယ် ဆေးရုံကို ရုပ်အလောင်းလာပို့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက RFA ကိုပြောပါတယ်။

"သူ့ကို သြဂုတ်လ ၂၉ ရက်နေ့က စရဖက ဖမ်းဆီးသွားတာလို့ ကျနော်တို့ သိရတယ်၊ ပြီးရင် မနေ့က မနက်ပိုင်းမှာ သူ့အလောင်းကို လာပို့တယ်၊ ညနေပိုင်းမှာ သင်္ဂြိုဟ်လိုက်တယ်၊ ဒီလောက်ပဲ ကျနော်တို့ သိရပါတယ်" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

မောင်တောဆေးရုံကနေ အဲဒီအုပ်ချုပ်ရေးမှူးရဲ့ အလောင်းကို သင်္ဂြိုဟ်ပေးဖို့ အကူအညီ လာတောင်းတဲ့ အတွက် မနေ့က ညနေ ၅ နာရီလောက် မွတ်စလင်သင်္ချိုင်းမှာ သင်္ဂြိုဟ်ပေးလိုက်ရတယ်လို့ မောင်တော ဂရုဏာကွန်ရက် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုရွှေထူးခိုင်က RFA ကိုပြောပါတယ်။

"ဆေးရုံက ကျနော်တို့ကို တစ်ခေါက်လောက်ကူညီပေးပါလား ပြောတယ်၊ ကျနော်တို့တာဝန်က ကူညီပေးဖို့ တာဝန်လေ၊ ဘယ်လိုတွေဖြစ်လဲဆိုတာကိုတော့ ကျနော်တို့လည်း မေးလို့မရဘူးလေ၊ ဒါကြောင့် ဆေးရုံကပဲ ရင်ခွဲစစ်ဆေးပြီးရင် သူတို့မွတ်စလင်သင်္ချိုင်းကို လိုက်ပို့ပေးလိုက်တယ်၊ သင်္ဂြိုဟ်ပေးလိုက်တယ်" လို့ ကိုရွှေထူးခိုင်က ဆိုပါတယ်။

ဦးရူဘီအာလောမ်ကို ဘာကြောင့်ဖမ်းဆီးသွားတာလဲဆိုတာနဲ့ ဘယ်လိုသေဆုံးလဲဆိုတာကို တိတိကျကျ မသိရပေမယ့် RFA က ရရှိထားတဲ့ သေဆုံးမှု ဆေးစာမှာတော့ ရုပ်အလောင်းရဲ့ ကျောပြင်၊ လက်နဲ့ခြေတွေမှာ ညိုမဲဒဏ်ရာတွေ တွေ့ရပြီး နှလုံးသွေးကြောပိတ်ကာ နှလုံးပုပ်သေဆုံးတယ်လို့ ပါရှိပါတယ်။

ဦးရူဘီအာလောမ် သေဆုံးတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး ကို RFA ကဆက်သွယ်မေးမြန်းရာမှာ မသိရှိရသေးကြောင်းသာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။