ဝေါနဲ့ အုတ်တွင်းမှာ အရပ်သား ၁၄ ဦး ဖမ်းဆီးခံရ
2024.05.30

Updated 12:06 PM May 30 2024
ပဲခူးတိုင်း ဝေါနဲ့ အုတ်တွင်းမြို့နယ်တွေမှာ မေလ ၂၉ ရက်နေ့က အရပ်သား ၁၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဝေါမြို့နယ် စိုင်တီစုရွာက နှစ်ဦး၊ ဘုရားပျိုရွာက သုံးဦး၊ ညောင်ကိုင်းရွာက လေးဦး၊ ရှမ်းစုရွာက သုံးဦး၊ စုစုပေါင်း အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းအမျိုးသား ၁၂ ဦး ဖမ်းဆီးခံလိုက်ရတာပါ။
အဲဒီနေ့တစ်ရက်တည်းမှာပဲ အုတ်တွင်းမြို့နယ် ညောင်ပင်ကြီးရွာ တမံဆုံအနီးမှာ အိမ်စီးကားငါးစီးနဲ့ စစ်တပ်၊ ရဲ ပူးပေါင်တပ်ဖွဲ့တွေက လူငယ်နှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝေါမြို့နယ်မှာ စစ်မှုထမ်းမဲစာရင်းနှိုက်တဲ့အခါ ဒေသခံတွေက ထွက်ပြေးတာကြောင့် အရင်ကလို မဲမနှိုက်တော့ဘဲ ဖမ်းဆီးမှုတွေလုပ်လာတာလို့ ဝေါဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“စစ်တပ်က ကားနှစ်စီးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို ဘာမှအသိမပေးဘူး။ အခုဖမ်းပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ပို့ထားတယ်”
အုတ်တွင်းမြို့နယ်ထဲမှာလည်း ဒီရက်ပိုင်း ဖမ်းဆီးမှုတွေဆက်တိုက်ရှိနေပြီး ငွေကြေးနဲ့ ပြန်ရွေးရတာတွေ ရှိနေတာကြောင့် ငွေကြေးမတတ်နိုင်သူတွေအတွက် အခက်အခဲဖြစ်လာတယ်လို့ အုတ်တွင်းဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးက အဲဒီဒေသတွေမှာ လူငယ်တွေကို ဖမ်းဆီးတယ်ဆိုတာ သတင်းအမှားဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ ကိုယ်တိုင်ဆန္ဒပြုတဲ့သူတွေပဲ စစ်မှုထမ်းရမှာဖြစ်ကြောင်းနဲ့ စစ်မှုထမ်းသင်တန်းအပတ်စဉ် (၅) အထိ သင်တန်းတက်မယ့်လူ အလုံအလောက်ရှိပြီးသားဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အပတ်စဥ် (၃) စစ်မှုထမ်းသင်တန်းအတွက် လျာထားချက်ပြည့်မီအောင် လုပ်ဆောင်မယ်လို့ မေ ၂၀ ရက် နေပြည်တော်မှာပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
အဲဒီလိုပြောဆိုပြီးနောက်မှာတော့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ စစ်မှုထမ်းရေးကိစ္စတွေကို မြို့နယ်နဲ့ ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အရင်ထက် ဖိဖိစီးစီးလုပ်လာတယ်လို့ ဖိအားပေးခံရသူ မိသားစုဝင်တွေက ပြောကြပါတယ်။
(မှတ်ချက် - စစ်ကောင်စီ ပဲခူးတိုင်းပြောခွင့်ရသူ၏ ဖြေကြားချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)