မန္တလေးမှာ ဆန္ဒပြစစ်ကြောင်းတွေ ထွက်မလာအောင် ရဲနဲ့တပ် နေရာယူထား

မတ် ၉ ရက်နေ့ ဒီနေ့မနက် မန္တလေးမြို့မှာ ဆန္ဒပြစစ်ကြောင်းတွေ ထွက်လို့မရအောင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် တွေက လမ်းတွေကို ပိတ်ဆို့နေရာယူထားပါတယ်။
၆၂ လမ်း သိပ္ပံလမ်းထောင့်၊ ၃၅ လမ်း သိပ္ပံလမ်းထောင့်၊ ၇၃ လမ်း လမ်း ၃၀ ထောင့် ၊ မြန်မာ့စီးပွားရေးဘဏ် ရှေ့တွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ လုံခြုံရေးချထားပါတယ်။
နေရာတိုင်းမှာ အင်အား ၃၀ ဝန်းကျင်စီခန့် နေရာယူထားတာပါ။
ဆန္ဒပြစစ်ကြောင်း တစ်နေ့ နှစ်ကြိမ် ထွက်လေ့ရှိတဲ့ မြတောင်စစ်ကြောင်း ထွက်လို့မရအောင် ပိတ်ဆို့တားဆီး ထားလို့ ဆန္ဒပြမဲ့သူတွေ လူစုခွဲခဲ့ရပါတယ်။
စစ်တပ်တပ်စွဲထားတဲ့ ဘူတာကြီးထဲမှာတော့ တပ်ဖွဲဝင်အင်အားအပြည့် အဆင်သင့် ရှိနေပါတယ်။
မတ်လ ၈ ရက်နေ့ မနေ့က မန္တလေးမြို့မှာ စစ်ကားတစ်စီးက ဆိုင်ကယ်တစ်စီးကို မနော်ဟရီလမ်းက ၅၆ လမ်းနဲ့ ၅၇ လမ်းကြားမှာ တိုက်လိုက်လို့ အဲဒီဆိုင်ကယ်ကို စီးလာတဲ့ နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
မတ်လ ၇ ရက်နေ့ကတော့ မန္တလေးမြို့၊ ၂၂ လမ်း၊ ၈၈ လမ်း၊ ၈၉ လမ်းကြားမှာ ဆန္ဒပြနေတဲ့ ကျောင်းသား၊ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး လူ ၉၀ လောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။