ဒုတိယကမ္ဘာစစ်က ပျောက်ဆုံး အမေရိကန်စစ်သည်တွေရှာဖို့ အချက်အလက်တွေရရှိ
2013.03.19
ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံမှာပျောက်ဆုံးခဲ့တဲ့ အမေရိကန်စစ်သည်တွေရဲ့ ရုပ်ကြွင်းတွေရှာဖွေရေး ပထမအဖွဲ့ရဲ့လုပ်ငန်းတွေ အောင်အောင်မြင်မြင်ပြီးစီးခဲ့ပြီလို့ အမေရိကန်အစိုးရက မနေ့ကပြောပါတယ်။
အဖွဲ့ဝင် ၉ ဦးပါတဲ့ ရုပ်ကြွင်းရှာဖွေရေးအဖွဲ့ဟာ တောင်ငူ၊ ရန်ကုန်နဲ့ မန္တလေးတဝိုက်မှာ သီတင်းသုံးပတ်ကြာ ကွင်းဆင်းစုံစမ်းခဲ့ကြရာမှာ သောကြာနေ့က ပြီးဆုံးသွားခဲ့ပါတယ်။ သတင်းအချက်အလက်တွေ အများအပြားရရှိခဲ့တယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။
ရုပ်ကြွင်းတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ သဲလွန်စတွေကို ပြည်တွင်းဂျာနယ်တွေကတဆင့်လည်း တောင်းခံခဲ့ပါတယ်။
ရုပ်ကြွင်းရှာဖွေရေး ပထမအဆင့် အစီအစဉ်မှာ ရုပ်ကြွင်းတွေရှိနေနိုင်တဲ့နေရာတွေကို သတ်မှတ်ဖို့ဖြစ်ပြီး၊ အဲဒီနေရာတွေကိုသိတဲ့ ဒေသခံတွေကို ရှာဖွေဖို့လည်းပါတယ်လို့ သံရုံးပြောခွင့်ရသူက ဆိုပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအဆိုအရ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မျက်နှာမှာ မဟာမိတ်တပ်တွေက ဂျပန်တပ်တွေကို တိုက်ထုတ်ခဲ့စဉ်က အမေရိကန်စစ်သည် ၇၃၀ ဝန်းကျင် ပျောက်ဆုံးခဲ့တယ်လို့သိရပါတယ်။