ငါန်းမြာကြီးရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

RFA Burmese
2024.09.22
ငါန်းမြာကြီးရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၁၄ ဦးအထိ ရှိလာ စစ်ကောင်စီတပ် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာမှ အဆောက်အအုံတစ်ခုကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Facebook/ Ko Nway Oo Myaung Photo

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ စက်တင်ဘာ ၂၂ ရက် မနေ့က ရုပ်အလောင်းသုံးခုကို ထပ်မံရှာတွေ့တာကြောင့် ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် စုစုပေါင်းသေဆုံးသူ ၁၄ ဦးအထိ ရှိလာပြီလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့က ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အစုလိုက်အပြုံလိုက် သေဆုံးတာတွေရှိခဲ့ပြီး အရပ်သားကိုးဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး စုစုပေါင်း ၁၁ ဦးရဲ့ ရုပ်အလောင်းတွေကို အရင်တွေ့ခဲ့တာပါ။

ဗုံးကြဲချတဲ့နေရောတွေကို ရှင်းလင်းရေးလုပ်စဥ်မှာ ကျား/မ ခွဲခြားလို့ မရတော့တဲ့ ရုပ်အလောင်းတွေကို ထပ်တွေ့ခဲ့တာကြောင့် သေဆုံးသူအရေအတွက် တိုးလာတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ကတော့ ရွာထဲကနေ အလောင်းသုံးလောင်း ထပ်တွေ့တယ်။ အကုန်လုံး မီးသင်္ဂြိုဟ်ပြီးသွားပြီ။ အသက်ကြီးပိုင်းထဲကပဲ။ ရုပ်အလောင်းတွေက တော်တော်လေးကို ပျက်စီးနေတာ”

စက်တင်ဘာ ၂၁ ရက်နေ့ကလည်း ငါန်းမြာကြီးရွာအပါအဝင် အနီးအနားရွာတွေဖြစ်တဲ့ မိုးတောင်နဲ့ ကုန်းလည် ရွာတွေကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ လူတစ်ထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ် ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူထားတာပါ။

ငါန်းမြာကြီးရွာမှာ စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦး မိုင်းချို့ယွင်းမှုဖြစ်ပြီး သေဆုံးခဲ့တယ်တယ်လို့ ဆိုပါတယ်။

ငါန်းဇွန်မြို့နယ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး မြို့နယ်တွေမှာလည်း သြဂုတ် ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကာကွယ်ရေး ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ပြန်လည် ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။