ခင်ဦးမြို့ ထနောင်းကိုင်းကြီးရွာက အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင် အသတ်ခံရ
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ထနောင်းကိုင်းကြီးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတစ်ဦး စက်တင်ဘာလ ၂၂ ရက် မနေ့ ညနေပိုင်းမှာ ကုန်းကြီးရွာနဲ့ ပေါက်အိုင်ရွာအကြား ခင်ဦး - သင်းပေါင်း ကားလမ်းပေါ်မှာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် (၄၇) နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းနဲ့ အသက် (၅၀) အရွယ် ဦးကျော်သိန်းတို့ဖြစ်ကြပြီး စစ်ကောင်စီကို ထောက်ခံသူတွေဖြစ်ကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဦးဇော်ဝမ်းက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးဗျ၊ ခင်ဦး PDF စခန်းကို ဝမ်းသိမ်းတုန်းကလည်း သူပဲ လမ်းပြပြီးတိုင်တာ၊ ရွာထဲက တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်တွေကိုလည်း စစ်သားတွေကို လိုက်ပြပြီး ရှာဖွေထားတာဗျ၊ ဦးကျော်သိန်းက စစ်ကောင်စီနဲ့ ပိုရင်းနှီးတယ်၊ ဆန်၊ ဆီနဲ့ ငွေကြေးပါ ထောက်ပံ့ပေးနေ သူဖြစ်တယ်ဗျ ” လို့ ဒေသခံက ဆိုပါတယ်။
ခင်ဦး တောကြီးမြွေဟောက်အဖွဲ့ (King Cobra-Khin U) ကတော့ ဒီကိစ္စကို သူတို့အဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီသတင်းပေးဒလံ ၂၆ ဦးရှိပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းထဲက ကန့်ဘလူမြိုနယ်မှာ စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးနဲ့ အဖွဲ့ဝင်တစ်ဦး ဓားဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရပါတယ်။