ချောင်းဦးမှာ ခရီးသည်တင်ကားတွေ တိုက်ခိုက်ခံရမှု အပြန်အလှန်စွပ်စွဲ

RFA Burmese
2024.07.01
ချောင်းဦးမှာ ခရီးသည်တင်ကားတွေ တိုက်ခိုက်ခံရမှု အပြန်အလှန်စွပ်စွဲ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ရန်ကုန်-မုံရွာ ကားလမ်းမတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က တိုက်ခိုက်ခံရသည့် ခရီးသည်တင်ယာဉ်တစ်စီးကို တွေ့ရစဉ်။
Myanmar Military

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ရန်ကုန် - မုံရွာ ကားလမ်းမပေါ်မှာ ဇွန် ၃၀ ရက်နေ့က ခရီးသည်တင်ကားတွေ တိုက်ခိုက်ခံရမှုမှာ အရပ်သားသေဆုံးမှုရှိခဲ့ပြီး ဒီတိုက်ခိုက်မှုအပေါ် နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲပြောဆိုပါတယ်။

ရန်ကုန်ကထွက်ခွာလာတဲ့ ရွှေစင်စင်္ကြာ၊ စိန်ဌေးလှိုင်၊ နယူးစွမ်း၊ FAMOUS၊ ရွှေမန္တလာနဲ့ ရွှေသလ္လာ ခရီးသည်တင်ယာဥ်လိုင်းတွေက စုစုပေါင်း ကားရှစ်စီးကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က တိုက်ခိုက်တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲထားတာပါ။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီတပ်က ခရီးသည်တင်ယာဥ်တွေနဲ့လိုက်ပါပြီး PDF တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ရာမှာ ခရီးသည်တွေ ထိခိုက်ခဲ့တာလို့ ပြောပါတယ်။

“ဒီဘက်က အရင်စပစ်တာလည်း မရှိဘူး။ သူတို့ (စစ်ကောင်စီတပ်) တွေက ကားပေါ်ကနေ လိုက်ပြီးတော့ ကိုယ့်ဘက်က ကင်းပုန်းဝပ်နေတဲ့ကလေးတွေကို ဆက်တိုက်ပစ်သွားတာ။ အဲဒါ ဒီဘက်က ခရီးသည်တင်ယာဥ်တွေဆိုတော့ ကာပစ်ပြီး ဆုတ်ခဲ့ရတာပဲရှိတယ်”

စစ်ကောင်စီတပ်က အခုနောက်ပိုင်း စစ်ကားတွေအပြင် ခရီးသည်တင်ယာဥ်တွေကို အသုံးပြုပြီး တိုက်ခိုက်လာတယ်လို့လည်း သူက ပြောပါတယ်။

မနေ့က တိုက်ခိုက်မှုဖြစ်စဥ်မှာတော့ အမျိုးသမီးတစ်ဦး သေဆုံးပြီး ရဟန်းတစ်ပါးအပါအဝင် ၂၄ ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ခရီးသည်တင်ယာဥ်တွေ ပစ်ခတ်ခံရမှုနဲ့ ခရီးသွားပြည်သူတွေ ထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပွားနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေနဲ့ ခရီးသည်တင်ယာဥ်လိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။