ကျီးကန်းပြင်ဌာနချုပ်အပါအဝင် နယ်ခြားစောင့်တပ်စခန်း နှစ်ခု AA သိမ်းပိုက်
2024.05.03

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ကျီးကန်းပြင် ဌာနချုပ်လို့ လူသိများတဲ့ စစ်ကောင်စီရဲ့ ကျီးကန်းပြင် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးနဲ့ လေးမိုင် အမှတ်(၂) နယ်ခြားစောင့်တပ်ရင်း နှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က မေလ ၂ ရက် မနေ့က သိမ်းပိုက်လိုက်ကြောင်း AA အဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
“ကျီးကန်းပြင်ကို သိမ်းလိုက်တာက သေချာပါတယ်။ မနေ့ညနေက လက်နက်ကြီးသံတွေလည်း ကြားရတယ်။ AA က တိုက်ပြီး သိမ်းလိုက်တာပါ။ မောင်တောမြို့ကိုတော့ သိမ်းတာမရှိသေးဘူး။ ကျီးကန်းပြင်ကို သိမ်းတာ”လို့ အခြေအနေကိုသိရှိထားတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ကျီးကန်းပြင် ဌာနချုပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ခြောက်ရာခန့်ရှိပြီး မောင်တောမြို့နယ်မှာ အကြီးဆုံး နယ်ခြားစောင့်တပ်စခန်းဖြစ်တယ်လို့ နောက်ထပ် မောင်တောဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ညနေ လေးနာရီခန့်မှာ လေးမိုင်စခန်းကို AA က သိမ်းလိုက်တယ်။ အဲဒီစခန်းမှာတော့ တပ်သား တစ်ရာကျော်ခန့်ရှိတယ်။ ပြီးတာနဲ့ ညဥ့်အချိန်မှာ ကျီးကန်းပြင် ဌာနချုပ်ကို သိမ်းလိုက်တာ။ ဌာနချုပ်မှာတော့ အနည်းဆုံး ခြောက်ရာခန့်ရှိတယ်။ အဲဒီစခန်းက မောင်တောမှာ အကြီးဆုံးပဲ”
ကျီးကန်းပြင် ဌာနချုပ်က ရာနဲ့ချီတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေဟာ မနေ့ညက မောင်တောမြို့ ရွှေဇားရပ်ကွက်ဘက်ကို ဆုတ်ခွာသွားကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကျီးကန်းပြင် ဌာနချုပ်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကစလို့ ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်ကလည်း စခန်းမကျဖို့ကို ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်းအထန် ခုခံခဲ့ပေမယ့် အချိန်တစ်ပတ်ကျော်အကြာမှာပဲ AA သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
မောင်တောမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်က အခိုင်အမာ နေရာယူထားဆဲဖြစ်ပြီး မြို့သူကြီး၊ မောရဝတီ၊ မြင်းလွတ်၊ အင်းဒင်၊ လှဖိုးခေါင်စတဲ့ နယ်ခြားစောင့်စခန်းတွေ ကျန်ရှိနေသေးတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အခုစခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပါဘူး။
ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကို RFA ကမေးမြန်းခဲ့ရာ လောလောဆယ်မသိရသေးကြောင်းနဲ့ ရုံးအဖွဲ့ကိုမေးပြီးမှ ပြန်လည် ဖြေကြားနိုင်မယ်လို့ ပြောပါတယ်။
မောင်တော တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ အချိန်ငါးလကျော်အတွင်း မြို့နယ် ကိုးမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ခြေစိုက်ရာ အမ်းမြို့နယ်နဲ့ ဘူးသီးတောင်၊ မောင်တော၊ သံတွဲမြို့နယ်တွေမှာလည်း AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပါတယ်။