သံတွဲမြို့ကို AA ထိန်းချုပ်လိုက်ကြောင်း ဒေသခံတွေပြော

RFA Burmese
2024.07.16
သံတွဲမြို့ကို AA ထိန်းချုပ်လိုက်ကြောင်း ဒေသခံတွေပြော သံတွဲမြို့နယ် ငပလီကမ်းခြေတွင် AA တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဥ်။
AA Info Desk

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းနှစ်ခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ပြီးနောက် သံတွဲမြို့ပေါ်ကိုပါ ထိန်းချုပ်ထားနိုင်ပြီလို့ ဇူလိုင်လ ၁၆ ရက် ဒီနေ့မှာ ဒေသခံတွေက RFA ကို ပြောပါတယ်။

သံတွဲမြို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်သားတွေကတော့ မြို့ပေါ်ကနေ ဇလွန်ရွာဘက်ကို ဆုတ်ခွာသွားတာကြောင့် မြို့ကိုထိန်းချုပ်လိုက်နိုင်တာလို့ သံတွဲမြို့ခံတစ်ဦးက ပြောပါတယ်။

“အခု သံတွဲမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ မရှိတော့ဘူး။ စစ်ကောင်စီတပ်သားတွေအားလုံး ဇလွန်ရွာဘက်ကို ထွက်ပြေးသွားကြပြီ။ မြို့ကိုလည်း အာရက္ခတပ်တော် (AA) က ထိန်းချုပ်လိုက်ပြီပေါ့။ ဒါပေမဲ့ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပင်လယ်ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်မှာကိုတော့ စိုးရိမ်ရသေးတယ်”

အာရက္ခတပ်တော် (AA) ကတော့ မြို့သိမ်းယူလိုက်ကြောင်း ဒီနေ့ နေ့လယ်ပိုင်းအထိ အတည်ပြုထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် သံတွဲမြို့မှာ ကျန်ရှိနေတဲ့ဒေသခံတွေကို AA က ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေတယ်လို့ နောက်ထပ် သံတွဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုလောလောဆယ်ကတော့ မြို့ပေါ်မှာရှိတဲ့ သက်ကြီးပိုင်းတွေနဲ့ တခြားကို ထွက်ပြေးလို့ မရတဲ့သူတွေကို AA တပ်ဖွဲ့ဝင်တွေက လုံခြုံတဲ့နေရာတွေကို ပို့ဆောင်ပေးနေတယ်။ အဓိကကတော့ တပ်က ဗုံးလာကြဲမှာနဲ့ ရေယာဥ်ကနေ လက်နက်ကြီးတွေ ပစ်မှာကို စိုးရိမ်ရလို့လေ”

သံတွဲမြို့နယ်ရဲ့ နယ်မြေအားလုံးနီးပါးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ကတော့ မောင်ရွှေလေး ရေတပ်တစ်ခုနဲ့ အခုစစ်ကောင်စီတပ် တပ်ဆုပ်သွားတဲ့ ဇလွန်ရွာအနီးတစ်ဝိုက်သာ ကျန်ရှိတော့တယ်လို့လည်း သူကပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။ AA ပြောခွင့်ရ ဦးခိုင်သုခကိုလည်း RFA က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ရှစ်လတာအတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ကိုးမြို့နယ်ကို AA က သိမ်းပိုက်ထားပြီး မောင်တောနဲ့ သံတွဲမြို့နယ်ကိုလည်း အလုံးစုံသိမ်းပိုက်နိုင်ဖို့ AA က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။