သံတွဲမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.07.09
သံတွဲမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
Arakan Army

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ လင်းသာဆိပ်ကမ်းနဲ့ ဂျိတ်တောရပ်ကွက်မှာ ခံစစ်ပြင်ဆင်ထားတဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၈ ရက်နေ့ မနေ့ ညနေပိုင်း လေးနာရီခန့်က စတင်ခဲ့တဲ့ တိုက်ပွဲဟာ ဇူလိုင် ၉ ရက်ဒီနေ့ နေ့လယ်အထိ ပြင်းထန်နေခဲ့ပြီး စစ်ကောင်စီတပ်က ဝေဟင်ပစ်ကူအဖြစ် လေယာဥ်ကို အဓိကဦးစားပေး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက်ပိုင်းတော့ တော်တော်ပြင်းတာပေါ့။ အခုကတော့ တိတ်ဆိတ်သွားပြီးတော့ မနေ့ကဆိုရင် တစ်ညလုံး လေယာဥ်နဲ့ ဗုံးကြဲနေတယ်ပေါ့။ တစ်စင်းပြီးတစ်စင်း။ မနေ့က လေးနာရီ ငါးနာရီလောက်ကနေစပြီးတော့ ညဘက် ခုနစ်နာရီ ရှစ်နာရီမှာလည်း ကြဲနေတုန်းပဲ။ ဒီနေ့ နေ့လယ်တုန်းကလည်း ဒရုန်းနဲ့ လာချတယ်”

တိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက် အကျအဆုံးကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ခလရ (၅၅) တပ်ရင်းက စစ်ကောင်စီတပ်အင်အား နှစ်ရာဝန်းကျင်ခန့်ဟာ ဇူလိုင် ၃ ရက်နေ့မှာ မြို့ရှောင်လမ်းပေါ်မှာရှိတဲ့ ဂျိတ်တောရပ်ကွက်ဘက် တပ်ဆုတ်သွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောထားပါတယ်။

အဲဒီစစ်ကောင်စီတပ်နဲ့ AA တို့ကြား တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ဒီနေ့ ညနေပိုင်းမှာ RFA ကို ပြောပါတယ်။

“ငပလီဘက်မှာတော့ မရှိတော့ဘူးလို့ ပြောတယ်။ ဂျိတ်တောဘက်မှာတော့ တိုက်ပွဲဖြစ်နေတယ်ပေါ့နော်။ ၅၅ မှာတော့ လက်ကျန်နည်းနည်းရှင်းနေတယ်လို့ ပြောတယ်”

သံတွဲမြို့သိမ်းတိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ ညနေမှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းစက်ပိတ်ထားပါတယ်။

ငပလီကမ်းခြေမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် (၅၆၆) ခြေမြန်တပ်ရင်းကို AA က ဇွန် ၂၇ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီး လက်ကျန် တပ်စခန်းတစ်ခုဖြစ်တဲ့ အမှတ် (၅၅) ခြေလျင်တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေတယ်လို့ AA က ဇူလိုင် ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။