အမှတ် ၉ ဗဟိုလေ့ကျင့်ရေးကျောင်းကို သိမ်းယူနိုင်ရေး ကြိုးပမ်းနေကြောင်း AA ထုတ်ပြန်
2024.02.21

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်က စစ်ကောင်စီရဲ့ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းရဲ့ ကာကင်းစခန်းသုံးခုနဲ့ အရေးကြီးတဲ့နေရာတစ်ခုကို သိမ်းပိုက်ထားပြီး တစ်ခုလုံး အပြီးသိမ်းနိုင်ရေး ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ မင်းပြားမြို့နယ် အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ လေးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့တွေက လက်နက်မချသေးတဲ့ စစ်ကောင်စီ စစ်စခန်းတွေ၊ ဗျူဟာတွေ၊ တပ်ရင်းတွေ၊ တပ်မဌာနချုပ်တွေကိုလည်း အပြီးသတ် သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့မြို့တွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ မြို့တွေ၊ ရွာတွေ၊ လူနေအိမ်တွေရှိတဲ့နေရာကို ရမ်းသမ်းပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရက္ခိုင့်တပ်တော် (AA) ဟာ ချင်းပြည်နယ် ပလက်ဝမြို့ အပါအဝင် ရခိုင်ပြည်နယ်က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံနဲ့ တောင်ပြို စတဲ့ မြို့ ခုနစ်မြို့ကို သိမ်းယူထားပါတယ်။