ရှစ်လေးလုံး ၃၃ နှစ်ပြည့် ပြည်ပရောက်မြန်မာတွေ ဆန္ဒပြ
2021.08.08
၁၉၈၈ ခုနှစ် အရေးတော်ပုံ ၃၃ နှစ်မြောက်တဲ့ ဒီကနေ့မှာ မြန်မာ နိုင်ငံပြင်ပ ကမ္ဘာ့နိုင်ငံ အသီးသီးကို ရောက်နေတဲ့ မြန်မာတွေဟာ သူတို့ရောက်တဲ့နေရာတွေကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ ပြည်နယ်အသီးသီးက မြန်မာတွေ မြို့တော်ဝါရှင်တန်ဒီစီမှာ စုရုံးပြီး အမေရိကန် သမ္မတ အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ဝါရှင်တန် ဒီစီက ဆန္ဒပြတဲ့သူတွေဟာ သမ္မတအိမ်ဖြူတော်ရှေ့ကနေ လူစည်ကားရာ လမ်းမတွေထက် ကြွေးကြော်သံတွေနဲ့ လမ်းလျှောက်ချီတက်ခဲ့တာပါ။
ဆန္ဒပြပွဲမှာ လူအင်အား ၃၀၀၀ လောက်ပါတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတွေက ပြောကြပါတယ်။ ဒီဆန္ဒပြတဲ့သူတွေဆီက ဆန္ဒပြု လက်မှတ်တွေကောက်ခံပြီး မြန်မာ့အရေးကူညီဖြေရှင်းပေးဖို့ သမ္မတ ဂျိုးဘိုက်ဒင်ဆီ စာရေးသား ပေးပို့ခဲ့ကြပါတယ်။
အလားတူ ဗြိတိန်နိုင်ငံမှာလည်း မြန်မာတွေ ဆန္ဒပြခဲ့ပါတယ်။ ဗြိတိန်ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူတွေထဲက တစ်ဦးဖြစ်တဲ့ ဒေါက်တာ သက်ကိုကိုက ဗြိတိန်ဝန်ကြီးချုပ်ဆီ မြန်မာပြည်အရေး အကူအညီပေးဖို့ စာရေးသား ပေးပို့တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

သြဂုတ်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေကို ၁၉၈၈ ခုနှစ် အရေးတော်ပုံ ၃၃ နှစ်မြောက်တဲ့ အထိမ်းအမှတ်နေ့အဖြစ် ကမ္ဘာ့တဝန်းမှာရောက်နေတဲ့ မြန်မာတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြဖို့ အင်တာနက်လူမှုကွန်ရက် ကနေ နှိုးဆော်ထားတာဖြစ်ပါတယ်။
အမေရိကန်နဲ့ ဗြိတိန်အပါအဝင် တခြားဥရောပနိုင်ငံတွေ အာရှနိုင်ငံတွေကိုရောက်နေတဲ့ မြန်မာတွေလည်း ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြတဲ့သူတွေက အမျိုးသားညီညွတ်ရေးအစိုးရကို NUG ကို အမေရိကန်၊ ဗြိတိန်အစိုးရတွေ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက အသိအမှတ်ပြုဖို့၊ လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေ ထွေညီလာခံမှာ ယခုလက်ရှိ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ မြန်မာ နိုင်ငံကိုယ်စားပြုအနေနဲ့ ဆက်လက်ခန့်အပ်ဖို့၊ စစ်အာဏာသိမ်းမှုရော ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဒဏ်ကို ခံနေရတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးဖို့၊ အာဏာသိမ်းစစ်ကောင်စီကို လုံးဝ အသိအမှတ်မပြုဖို့ စတဲ့အချက်တွေကို အဓိကထားတောင်းဆိုခဲ့တာဖြစ်ပါတယ်။