ရှမ်းပြည်နယ်နေ့ အခမ်းအနားများ ကျင်းပ


2016.02.07
shan-national-day-620.jpg ၆၉ ကြိမ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ကျင်းပနေစဉ်
Photo: MOI Webportal Myanmar

ဒီနေ့ကျရောက်တဲ့ ၆၉  ကြိမ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားတွေကို ရှမ်းပြည်နယ်တွင်းမှာ ကျင်းပခဲ့ကြသလို၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းဌာနချူပ်ရှိရာ ထိုင်းမြန်မာနယ်စပ် လွိုင်တိုင်းလျန်းမှာလည်း ကျင်းပခဲ့ပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာလည်း ရိုးရာဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ပါတယ်။ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ၆၉ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းဖို့ အတွက် တိုင်းရင်းသားအားလုံးအစိုးရနဲ့ပူးပေါင်းဆောင်ရွက် ဖို့၊ ငြိမ်းချမ်းရေးအတွက် ရှမ်းတိုင်းရင်းသားတွေ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းထားတယ်လို့ ရန်ကုန်မြို့ပြည်သူ့ ရင်ပြင်မှာကျင်းပတဲ့ ရှမ်းပြည်နယ်နေ့ အခမ်းအနား ကို တက်ရောက်ခဲ့သူ ဖက်ဒရယ် ပြည်ထောင်စု ပါတီဥက္ကဌ ဦးစောသန်းမြင့် က ပြောပါတယ်။

"သမ္မတ သဝဏ်လွှာပေးပို့တာနှစ်တိုင်းရှိပါတယ်၊ သဝဏ်လွှာမှာတော့ ရှမ်းပြည်နယ်နေ့ ဘယ်လိုဖြစ်လာတယ်ဆိုတဲ့ အသေးစိတ်လေးပါတော့ပေါ့နော်၊ အဓိကကတော့ ရှမ်းပြည်နယ်မှာရှိတဲ့ ရှမ်းတိုင်းရင်းသားအမျိုးအနွယ် အားလုံးကလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဝိုင်းဝန်းကူညီကြဖို့ အဲ့ဒါလေးပါပဲ"

RCSS/SSA တောင်ပိုင်းတပ်ဖွဲ့က ကျင်းပခဲ့တဲ့ အခမ်းအနားမှာ ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ် က ရှမ်း အမျိုးသားနေ့ရဲ့ နောက်ခံသမိုင်းကြောင်းတွေ ကို အကျဉ်းရုံး ရှင်းပြခဲ့ပြီး ပြည်ထောင်စုအတွင်း အေးအတူ ပူအမျှ နေထိုင်သွားကြဖို့နဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA ကို အခြေခံပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ UPC ကို တက်ရောက်ပြီး နိုင်ငံရေးကိစ္စရပ်တွေကို ဆက်လက် ဆွေးနွေး ညှိနှိုင်းသွားမှာဖြစ်ကြောင်း ပြောကြား ခဲ့တယ်လို့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။

"NCA မှာလက်မှတ်ထိုးပြီးတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုတစ်ရပ်လုံးနဲ့ အညီ အဖက်ဖက်က ကျနော်တို့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တပ်မတော်၊ အစိုးရနဲ့ အတူပူးပေါင်းပြီးတော့ ငြိမ်းချမ်းရေးကိုကြိုးပမ်းဆောင်ရွက်သွားမယ်၊ အသစ် တက်လာမယ့် အစိုးရနဲ့လည်း အတူတကွပူးပေါင်းပြီးတော့၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်"

RCSS အနေနဲ့ ရှမ်းပြည်အမျိုးသားလူထုတစ်ရပ်လုံးကို ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အသီးအပွင့်တွေ ခံစားရရှိ စေဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဒီကနေ့ ရက်စွဲနဲ့ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။

လွိုင်တိုင်းလျန်းမှာကျင်းပခဲ့တဲ့ ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ဒေသခံပြည်သူတွေအပါအဝင် အင်အားခြောက်ထောင် ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ရှမ်းပြည်နယ်ကတိုင်းရင်းသား ခေါင်းဆောင် တွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိအောင် ပြည်မနဲ့အတူပူးပေါင်းဖို့ သဘောတူ ခဲ့တာကို အသိမှတ်ပြုတဲ့ အနေနဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်ပွဲတွေ နှစ်စဉ်ကျင်းပခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။