အောက်တိုဘာလအတွင်း စစ်ကောင်စီဘက်က ၃၉ ဦးသေကြောင်း နေပြည်တော် PDF ပြော

2021.11.01
အောက်တိုဘာလအတွင်း စစ်ကောင်စီဘက်က ၃၉ ဦးသေကြောင်း နေပြည်တော် PDF ပြော နေပြည်တော်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို တွေ့ရစဉ်
Photo: RFA

ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) နဲ့ မဟာမိတ်အဖွဲ့တွေရဲ့ ပူးပေါင်းစစ်ဆင်ရေးတွေကြောင့် အောက်တိုဘာအတွင်း စစ်ကောင်စီဘက်က ၃၉ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးဘက်က နှစ်ဦး သေဆုံး ခဲ့တယ်လို့ နေပြည်တော် PDF က အောက်တိုဘာ ၃၁ ရက် မနေ့ကထုတ်ပြန်ပါတယ်။

အောက်တိုဘာလထဲမှာ စစ်ရေးထိတွေမှု ၅ ကြိမ်အထိဖြစ်ခဲ့ပြီး နေပြည်တော် ကောင်စီနယ်မြေထဲမှာ ၂ ကြိမ်နဲ့ နေပြည်တော်နဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်းထဲမှာ ၃ ကြိမ်ဖြစ်ပွားခဲ့တာပါ။

စစ်ကောင်စီဘက်က သေဆုံးခဲ့သူတွေထဲမှာ စစ်သားအများအပြင် ရဲတပ်ဖွဲ့ဝင် တချို့ လည်းပါ၀င်တယ်လို့ နေပြည်တော် PDF ကပြောပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ပြည်သူကာကွယ်ရေး တပ်ဘက်က သေဆုံးခဲ့သူနှစ်ဦးက နေပြည်တော်၊ တပ်ရင်း (၈၀၁)၊ တပ်ခွဲ (၁) မှာ ဆေးမှူး တာဝန်ယူထားတဲ့ ကိုကိုအောင်နဲ့ တပ်ခွဲ (၄) က စိုးမင်းထွေးတို့ ဖြစ်တယ်လို့ နေပြည်တော် PDF ပြန်ကြားရေး တာဝန်ခံ ဗိုလ်ငွေစိုးကပြောပါတယ်။

“ကျဆုံးသွားတဲ့ ရဲဘော်တွေ ထားရှိခဲ့တဲ့ အာဏာရှင်အမြစ်ဖြတ် တော်လှန်စိတ်ကို ကျနော်တို့ လက်ဆင့် ကမ်းပြီး အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်ချေမှုန်းသွားမှာပါ၊ ကျဆုံးရဲဘော်တွေ ကောင်းစွာ အနားယူနှင့်ပါလို့ ဆုတောင်းပါတယ် ” လို့ ဗိုလ်ငွေစိုးကဆိုပါတယ်။

အောက်တိုဘာလထဲမှာပဲ နေပြည်တော် ကောင်စီနယ်မြေထဲက ပျဉ်းမနားမြို့နယ်နဲ့ လယ်ဝေးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ နေပြည်တော် PDF အဖွဲ့တွေ ပစ်ခတ်မှုတွေ ဖြစ်ခဲ့သလို နေပြည်တော်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်းထဲက ရေနီမြို့နယ်နဲ့ သံတောင်ကြီး မြို့နယ်တွေမှာလည်း နှစ်ဖက်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။