စစ်ကောင်စီတပ် စီးနင်းချိန် ကျဆုံးခဲ့တဲ့ ကလေး PDF တပ်ဖွဲ့ဝင် သုံးဦးကို သင်္ဂြိုဟ်

2021.11.19
စစ်ကောင်စီတပ် စီးနင်းချိန် ကျဆုံးခဲ့တဲ့ ကလေး PDF တပ်ဖွဲ့ဝင် သုံးဦးကို သင်္ဂြိုဟ် ကျဆုံးသွားတဲ့ ကလေး PDF တပ်ဖွဲ့ဝင် သုံးဦးအား တောတွင်းတစ်နေရာမှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့စဉ်
Photo: Kalay PDF

စစ်ကိုင်းတိုင်း ကလေးမြို့မှာ နိုဝင်ဘာ ၁၆ ရက်နေ့က ကလေး PDF စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက် တိုက်ခိုက်ချိန်မှာ စခန်းအတွင်းကျဆုံးခဲ့တဲ့ ဆေးတပ်အမျိုးသမီး အပါအဝင် ကျဆုံးသူ သုံးဦးရဲ့ ရုပ်အလောင်း ကို နိုဝင်ဘာလ ၁၈ ရက် မနေ့က မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကျဆုံးသူ သုံးဦးဟာ ကလေး PDF အမှတ် (၃) တပ်ရင်းက အသက် ၂၃ နှစ်အရွယ် ဆေးတပ်သား မဗျဲက်ရမ်ချင်း (Biak Rem Chin)၊ အသက် ၂၇ နှစ်အရွယ် ကိုကျဲလ်ထန်ပွီးယာ (Cher Thang Puia) နဲ့ အသက် ၂၆ နှစ်အရွယ် ကိုရမ်မောယာ (Ram Mawia) တို့ဖြစ်ပါတယ်။

ကလေးမြို့မှာတော့ စစ်ကောင်စီတပ်တွေနဲ ကလေး PDF တပ်တွေကြား ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကစပြီး မြို့ပေါ်နဲ့ ကျေးရွာတွေမှာ တိုက်ပွဲလက်ဆက် ဖြစ်ပွားနေပါတယ်။

နိုဝင်ဘာ ၁၈ ရက် မနေ့ကလည်း နဂါးပွတ်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စစ်ကူရောက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ကလေး PDF တပ်ဖွဲ့ဝင်တွေက ချင်းဆိုင်ကျေးရွာအနီးမှာ မိုင်းခွဲတိုက်ခိုက် တာကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးခန့် ကျဆုံးခဲ့တယ်လို့ ကလေး PDF ကထုတ်ပြန်ထားပါတယ်။

အခုလို တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချင်းဆိုင်ကျေးရွာအတွင်းက နေအိမ်နဲ့ ကြက်ခြံတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ကလေးမြို့ ဒေသခံတွေက ပြောပါတယ်။

ဒီထုတ်ပြန်ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲပေါင်း ၂၅ ကြိမ်ထက်မနည်း ဖြစ်ပွား ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိအချိန်မှာလည်း စစ်ရေးတင်းမာနေတာကြောင့် ပြည်သူတွေကို လုံခြုံစွာနေထိုင်ဖို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။