စစ်ကြောရေးမှာ သေဆုံးသူ ၂၈ ဦးထိ ရှိလာ

ကိုဂျေ (ဝါရှင်တန် ဒီစီ)
2021.07.02

ပဲခူးတိုင်း၊ ပြည်မြို့၊ ဖိုးခေါင်ရပ်ကွက်က အသက် ၃၄ နှစ်အရွယ် ကိုစိုးမင်း ကို မြရွာကျောင်းကို ဖျက်ဆီးတယ် ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် အင်္ဂါနေည ၁၁ နာရီအချိန်လောက်မှာ စစ်တပ်နဲ့ရဲက လာဖမ်းသွားပြီး၊ နှစ်ရက် အကြာ ဇူလိုင် ၁ ရက်နေ့မှာ ကိုစိုးမင်း သေဆုံးသွားပြီဖြစ်ကြောင်း စစ်တပ်က မိသားစုကို အကြောင်းကြား ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။

"၂၉ ရက်နေ့ ညကပေါ့။ အဲဒီရွာမှာရှိတဲ့ မြရွာကျောင်းကို ဖျက်ဆီးပါတယ်ဆိုပြီး ဒလန်က ပြန်တိုင်တယ် ပေါ့နော်။ တိုင်တော့ ည ၁၁ နာရီလောက်မှာ သူတို့က လာဖမ်းသွားတယ်။ လာဖမ်းသွားပြီးတော့ မိသားစုကို လည်း ဘယ်မှာရှိတယ်ဆိုတာ နေရာအတိအကျလည်း ပြောမပြဘူး။ ကြာသပတေးနေ့လည်း ကျရော၊ ဆုံးသွားပါပြီ ပြည်ဆေးရုံကြီးကို အလောင်းလာယူပါလို့ ပြောတယ်ပေါ့နော်။ အလောင်းအိမ်ကို ပြန်ရောက်တဲ့အခါမှာလည်း အလောင်းက ကြာသပတေးနေ့ သေထားတဲ့ပုံ မဟုတ်ဘူးကွာ။ သေထားတာ တော်တော်ကြာတဲ့ ပုံစံပဲ။ လူတစ်ကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေချည်းပဲ။ ကျဉ်စက်နဲ့ တို့ထားတဲ့ ဒဏ်ရာတွေ၊ သံနဲ့ရိုက်စစ်ထားတဲ့ ဒဏ်ရာတွေ၊ အများကြီးရှိတယ်ပေါ့နော်"

စစ်ဆေးရုံကနေ ပြန်ရလာတဲ့ ကိုစိုးမင်းရဲ့ ရုပ်အလောင်းမှာ နှိပ်စက်ညှဉ်းပန်းထားတဲ့ ဒဏ်ရာတွေသာမက ဝမ်းဗိုက်ကိုခွဲထားတဲ့ ရှည်လျားတဲ့ ချုပ်ရိုးရာကို တွေ့ရတာကြောင့် ခန္ဓာကိုယ်တွင်း ကလီဇာတွေကို ထုတ်ယူ ထားပုံရတယ်လို့လည်း အဲဒီအမျိုးသမီးက ပြောပြသွားပါတယ်။

အခုအခါ ကိုစိုးမင်းရဲ့ ရုပ်အလောင်းကို ကောင်းမွန်စွာ သင်္ဂြိုဟ်နိုင်ဖို့အတွက် မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက စီစဉ်နေပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာလည်း ဇူလိုင်လ (၁) ရက် စက်မှုဇုန်ရပ်ကွက် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက် ပြီး အဖမ်းခံလိုက်ရတဲ့ အသက် ၃၉ နှစ်အရွယ်ရှိ ကိုအောင်ဇော်မျိုး ခေါ် ကိုအငယ်လေးဟာ ဒီကနေ့ ဇူလိုင် ၂ ရက်နေ့မှာတော့ မိသားစုထံကို ရုပ်အလောင်းအဖြစ်နဲ့သာ ပြန်ရောက်လာခဲ့ပါတယ်။

ကိုအငယ်လေး အဖမ်းခံရပြီး ၅ နာရီခန့်အကြာမှာပဲ သူသေဆုံးသွားပြီဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင် ၁ ရက် ညနေပိုင်းမှာပဲ မိသားစုထံ ဖုန်းဆက်အကြောင်းကြားတာကြောင့် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် စစ်ဆေးရုံကို ချက်ချင်းလိုက်သွားပြီး သွားကြည့်ခဲ့ပါတယ်။

ကြမ်းပြင်ပေါ်က သွေးအိုင်ထဲမှာလဲနေတဲ့သူကို သူ့ရဲ့သား ကိုအငယ်လေး ဖြစ်လိမ့်မယ်လို့ မိခင်က မယုံကြည် နိုင်သေးပဲ အိမ်ကိုပြန်လာခဲ့ကြတယ်လို့ မိသားစုဝင် တစ်ယောက်က ပြောပါတယ်။

နောက်တစ်ရက် ဇူလိုင် ၂ ရက် မနက်ပိုင်းမှာတော့ မုံရွာ ပြည်သူ့ဆေးရုံကြီးမှာ ရုပ်အလောင်းရောက်နေ တယ်လို့ ထပ်မံအကြောင်းကြားလာတာကြောင့် ရုပ်အလောင်းကို သွားထုတ်ပြီး နေအိမ်မှာ အသေအချာ ကြည့်ရှုစစ်ဆေးမှသာ သေဆုံးသူဟာ မနေ့က အသက်ရှင်ရက်ဖမ်းသွားခဲ့တဲ့ ကိုအငယ်လေးဖြစ်နေကြောင်း ယုံကြည်နိုင်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

“အခုလို သေဆုံးသွားတာ မကျေနပ်ဘူး။ သူ့ကို နေ့တိုင်းလည်းပြောတယ်။ တစ်ခုခုဖြစ်တာ မဖြစ်စေ ချင်ဘူး။ တိုက်ပွဲဝင်ရင်း တစ်ခုခုဖြစ်ရင် ကျေနပ်သေးတယ်။ သူတို့လက်ထဲမှာ အခုလို မသေစေချင်ဘူး။ အမျှလည်း မပေးဘူး။ ဘုန်းကြီးကလည်း တရားဟောတယ်။ နောင်တ မရနဲ့တဲ့၊ မရပါဘူး။ သေတာကို မကျေနပ်တာ မဟုတ်ဘူး။ သူတို့လက်ထဲမှာ သေတာကို မကျေနပ်တာ၊ နှမြောတာ။ ဒီမိုကရေစီရရင် သူ့အတွက် ဂုဏ်ယူမယ်။ အဲဒီကျမှ သူ့အတွက် အမျှဝေပေးမယ်”

အခုသေဆုံးသူ ကိုအောင်ဇော်မျိုး ခေါ် ကိုအငယ်လေး ဟာ ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး မနေ့က စစ်တပ်နဲ့ ရဲက ဖမ်းသွားချိန်မှာ ကားပေါ်မှာ ကျန်းကျန်းမာမာနဲ့ ထိုင်ပြီးလိုက်ပါသွားတာလို့လည်း အဲဒီ မိသားစုဝင်က ပြောပါတယ်။

ဇူလိုင် ၁ ရက် နေ့လယ်ပိုင်းက မုံရွာမြို့ စက်မှုဇုံရပ်ကွက်က ဝပ်ရှော့တွင်ခုံတစ်ခုမှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ လူတစ်ယောက် သေဆုံးခဲ့ပြီး နောက်တစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ အခုစစ်ကြောရေးမှာ သေဆုံးခဲ့သူ ကိုအငယ်လေးနဲ့ သူ့ရဲ့ အဖော်တွေဟာ စစ်ကောင်စီကို ဆန့်ကျင်ဖို့ လက်လုပ်ဗုံးလုပ်ရာကနေ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ စစ်ကောင်စီက စွပ်စွဲပါတယ်။

ဒါ့ကြောင့် ပေါက်ကွဲမှုဖြစ်ဖြစ်ချင်း အခင်းဖြစ်ရာကို ရဲနဲ့ စစ်သားတွ ချက်ချင်းရောက်ရှိလာပြီးတဲ့နောက် ကိုအောင်ဇော်မျိုး ခေါ် ကိုအငယ်လေး အပါအဝင် အမျိုးသား သုံးယောက် အဖမ်းခံခဲ့ရတာလို့ မိသားစုဝင် တွေက ပြောပါတယ်။

အဲဒီအဖမ်းခံရပြီး ငါးနာရီလောက်အကြာ ဇူလိုင် ၁ ရက် ညနေပိုင်းမှာပဲ ရဲနဲ့စစ်တပ်က ကိုအငယ်လေး သေဆုံးကြောင်း မိသားစုကို အကြောင်းကြားခဲ့တာပါ။ မိသားစုက ချက်ချင်းမယုံကြည်နိုင်ပဲ နောက်တစ်ရက် ဇူလို င် ၂ ရက် ဒီကနေ့ မနက်ပိုင်းမှ မုံရွာစစ်ဆေးရုံကနေ ရုပ်အလောင်းကို သွားယူလာခဲ့တာလို့ မိသားစုက ပြောပါတယ်။

"သူတို့လက်ထဲမှာ အခုလို မသေစေချင်ဘူး။ အမျှလည်း မပေးဘူး"

ကိုငယ်လေးဟာ NLD အစိုးရလက်ထက်က ရာအိမ်မှူး တစ်ယောက်ဖြစ်ခဲ့ပြီး စစ်ကောင်စီလက်ထက်မှာတော့ တာဝန်ကနေ ထွက်လိုက်သူဖြစ်တယ်၊ ရပ်ကွက်ထဲမှာ တက်ကြွပြီး လူချစ်လူခင်ပေါသူ တစ်ယောက်ဖြစ်တယ် လို့ မုံရွာမြို့ခံတစ်ယောက်က RFA ကို ပြောပါတယ်။

“သူ့ကို အခုလို မဖြစ်စေချင်ဘူး၊ ယူကျုံးမရဖြစ်တယ်။ သူက အလုပ်ကို အရမ်းတက်ကြွကြွလုပ်တယ်။ ပထမတုန်းက နာမည်တွေ အမျိုးမျိုးတွေ ထွက်နေတော့ သူမဟုတ်ဖို့ ဆုတောင်းတယ်။ မနက် အလောင်းရောက်လာမှ ယုံပြီး စိတ်ထဲမှာ တအားခံပြင်းတယ်”

ဇူလိုင် ၁ ရက်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ ဇူလိုင်လ ၂ ရက် မနက်ပိုင်းမှာလည်း စက်မှုဇုန်အတွင်းက လူ ၁၀ ယောက်ထက်မနည်းကို စစ်ကောင်စီက ထပ်မံလာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာာ ဖက်ဆစ်ဆန်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ရဲဘော်၊ ရဲဘက်တွေအတွက်တော့ စိတ်မကောင်းဘူး၊ သူတို့ စစ်ကြောရေးရောက်ပြီး သေတာ အရမ်း များနေပြီ၊ မဖြစ်သင့်ဘူး၊ ကလီစာတွေ ထုတ်ရောင်းချင်လို့ သတ်ပစ်လိုက်တာလည်း ဖြစ်နိုင်တယ်။ သတ်မှတ်ထားတဲ့ ဥပဒေ ဘောင်အတွင်းကဆို ဒါမျိုးလုပ်စရာမလိုဘူး၊ အရမ်းကို ဖက်ဆစ်ဆန်တယ်”

RFA က သီခြားကောက်ယူထားတဲ့ စာရင်းတွေအရ၊ ရဲနဲ့စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် စစ်ကြောရေးမှာ သေဆုံးခဲ့သူတွေကတော့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က စု-အသက်မွေးဝမ်းကျောင်းသိပ္ပံ တာဝန်ခံ ကိုဇော်မြတ်လင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးအဖွဲ့ဝင် ဦးခင်မောင်လတ်၊ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် NLD အဖွဲ့ဝင် ကိုကျော်ကျော် ခေါ် ကိုအဂ္ဂမိုးညို၊ မုံရွာမြို့က ကဗျာဆရာ ကိုခက်သီ၊ စစ်ကိုင်းတိုင်း ကလေးမြို့က သံသယနဲ့ ဖမ်းဆီးနှိပ်စက်ခံရတဲ့ သာမန်အရပ်သား ကိုမင်းမင်း၊ မြင်းခြံမြို့နယ် ကွမ်းစိုက်ရွာသား တွေဖြစ်တဲ့ ကိုချစ်ကိုနဲ့ ဦးစိန်ဝင်း၊ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က ကိုသက်ထူးပိုင် ခေါ် အလီ၊ အခုနောက်ဆုံး သတင်းရရှိတဲ့ ပဲခူးတိုင်း ပြည်မြို့က ကိုစိုးမင်း၊ မုံရွာမြို့က ကိုအောင်ဇော်မျိုး ခေါ် ကိုအငယ်လေး အပါအဝင် စုစုပေါင်း ၂၈ ဦးဖြစ်ပါတယ်။

ngalay.jpg
(မုံရွာမြို့က စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့သူ ကိုအငယ်လေး ကို တွေ့ရစဉ်)

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစပြီး ပြည်သူတွေကို အကာကွယ်ပေးထားတဲ့ ဥပဒေတွေကို စစ်ကောင်စီက ဖျက်သိမ်းလိုက်တဲ့နောက် လုပ်ချင်သလို လုပ်နေတာဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က မှတ်ချက်ပေးပါတယ်။

“နိုင်ငံမှာ တရားဥပဒေ မစိုးမိုးတော့ဘူး။ ပြည်သူကို ကာကွယ်တဲ့ ဥပဒေတွေက လုံးဝမရှိတော့ဘူး၊ ပြည်သူတွေက နှိပ်စက်မယ့်ဥပဒေတွေပဲ ကျန်တော့တယ်။ သူတို့ဖမ်းချင်ဖမ်းတယ်။ ၂၄ နာရီမက ချုပ်တယ်။ သတ်ပစ်တယ်။ နိုင်ငံသားများ ကာကွယ်ရေး ဥပဒေမှာ အဲဒါမျိုး ဖမ်းဆီးချုပ်နှောင်လို့ နစ်နာရင် တရားစွဲနိုင်တယ်။ ရဲစခန်းမှူးက အမှုဖွင့်မပေးရင် တရားစွဲနိုင်တယ်။ အဲဒါတွေ ရုပ်သိမ်း လိုက်တယ် ။ ဒီလိုလုပ်နေတာတွေက သူတို့ စိတ်ကြိုက်ဥပဒေတွေ ပြင်ဆင်ပြီးတော့ တိုင်းပြည်ကို အုပ်ချုပ်နေတယ်။ ဒါကြောင့် မြန်မာပြည်ဟာ ပြည်သူလူထုကို ကာကွယ်ပေးတဲ့ ဥပဒေတွေမရှိလို့ ဒီလိုခံနေရတယ်“

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရတော့ စစ်အာဏာသိမ်း လိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ ဇွန်လ ၃၀ ရက်နေ့အထိ ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွင်းမှု၊ ရဲနဲ့စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် စစ်အာဏာသိမ်းပြီးနောက် ၅ လအတွင်း သေဆုံးသူ စုစုပေါင်း ၈၈၅ ယောက်ရှိ သွားပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။