ဆီးဂိမ်း အားကစားပွဲတော် ဖွင့်လှစ်
2013.12.11

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော်ကို လူသုံးသောင်းဆံ့တဲ့ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။
ဒီပွဲအတွက် တရုတ်နိုင်ငံက နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်ပုဂ္ဂိုလ် ၇၀၀ လောက်က လာရောက်ကူညီပေးခဲ့တယ်လို့ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က ပြောပါတယ်။
“ICT Information, Communication Technology နဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်ဝန်ထမ်းတွေ လာရောက်ပြီးတော့ ကူညီပါတယ်၊ ဒါကလည်း ဖွင့်ပွဲအခမ်းအနားမှာ မိုးပေါ်မှာ မိုးပျံတာတို့ ဘာတို့ပေါ့ဗျာ တရုတ်မှာလုပ်တဲ့ ဘေးဂျင်းအိုလံပစ်၊ ဂွမ်ကျိုး Asia Game 2010 တို့မှာလည်း ဒါမြင်ဖူးပါတယ်၊ တရုတ်အနုပညာရှင်တွေနဲ့ တရုတ် Information, Communication Technology နဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေက ကူညီတယ်၊ မိုးပျံတာတို့ မီးတွေဖွင့်တာတို့ အခမ်းအနား တင်ဆက်မှုတွေလုပ်တော့ ဒီဟာတွေကို ကျနော်တို့ကို ကူညီတဲ့အခါမှာ သူတို့ရောက်လာတာ၊ အဲဒီအဖွဲ့တွေကို ကျနော်တို့ ကူညီပါတယ်၊ နောက်ပြီးတော့ စရိတ်စကကလည်း သူ့စရိတ်နဲ့သူလာကြတာပါ”
တရုတ်ကျွမ်းကျင်သူတွေဟာ ဆီးဂိမ်းဖွင့်ပွဲအခမ်းအနား မီးပေးစနစ်၊ အသံစနစ်တွေအပြင် တခြားနည်းပညာပိုင်းတွေမှာ ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။ တရုတ်အစိုးရဟာ မြန်မာအားကစားသမား ၂၀၀ လောက်ကိုလည်း တရုတ်နိုင်ငံမှာ ခေါ်ယူလေ့ကျင့်ပေးခဲ့တဲ့အပြင် အခုဆီးဂိမ်းအတွက်လည်း တရုတ်နည်းပြဆရာ ၂၀ ကျော် စေလွှတ်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ ဖွင့်ပွဲအခမ်းအနားမတိုင်ခင် ကျင်းပပြီးစီးခဲ့တဲ့ ခြင်းလုံးခတ်၊ ဝူရှူး၊ နပန်းစတဲ့ သက်ဆိုင်ရာ အားကစားနည်းတွေအလိုက် မြန်မာနိုင်ငံက စုစုပေါင်း ရွှေတံဆိပ် ၁၈ ခု၊ ငွေတံဆိပ် ၈ ခုနဲ့ ကြေးတံဆိပ် ၁၀ခု အထိရရှိထားပြီး ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံကတော့ ရွှေတံဆိပ်ဆု ၁၀ ခုရရှိထားပြီး ထိုင်းနိုင်ငံကတော့ ရွှေတံဆိပ်ဆု ၆ ခု ရရှိထားပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရ ှအားကစားပွဲတော်ကို နှစ်ပေါင်း ၄၄ နှစ်အကြာမှာ အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ပြန်လည်လက်ခံကျင်းပနိုင်တာဖြစ်ပါတယ်။
ဆီးဂိမ်း အားကစားပွဲတော်ဖွင့်ပွဲနဲ့ ပတ်သက်လို့ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆီးဂိမ်း အားကစားပွဲတော်ဖွင့်ပွဲမှာ သတင်းရယူနေတဲ့ RFA သတင်းထောက် ကိုမျိုးသန့်ခိုင်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။