၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ် သလို ပြင်ဆင်ဖြည့်စွက်မည်


2013.06.14
shwe-man-wilson-us305 ဝါရှင်တန်ဒီစီမြို့ Woodrow Wilson Center မှာ ဇွန် လ ၁၃ ရက်နေ့က ကျင်းပတဲ့ဆွေးနွေးပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း တက်ရောက်ဆွေးနွေးနေစဉ်
Photo: RFA

မြန်မာနိုင်ငံက လွှတ်တော်အနေ နဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ကန့်သတ်ထားတဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပါအဝင် မြန်မာပြည်သူတွေအတွက် အကျိုးမရှိတဲ့ တည်ဆဲဥပဒေမှန်သမျှကို လိုအပ် သလို ပြင်ဆင်၊ ပယ်ဖျက်၊ အစားထိုးသွားမှာဖြစ်တယ် လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ပြောကြားလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် ဝုဒရိုး ဝီလဆင် စင်တာ(Woodrow Wilson Center) မှာ မနေ့ညနေက ကျင်းပတဲ့ မြန်မာ့နိုင်ငံရေး လက်ရှိ အခြေအနေအပေါ် ပြည်ထောင်စုလွှတ်တော်ရဲ့ အမြင် ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ပြောကြားလိုက် တာ ဖြစ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကိစ္စမှာ  ဖွဲ့စည်းပုံအခြေခံအရ ကန့်သတ်ချက်တွေက စိုးရိမ်စိတ်တွေ ရှိတယ်ဆိုတာသိပါတယ်၊ ကျွန်တော်တို့ လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လေ့လာသုံးသပ်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့အတွက် ကော်မတီ၊ ကော်မရှင်တစ်ရပ် ဖွဲ့စည်းထားပြီးဖြစ်ပါတယ်၊ ကျွန်တော်တို့  ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ချင်တယ်ဆိုရင် ပြင်ဆင်နိုင်ဖို့ ဥပဒေအရပြဌာန်းထားတဲ့ အခွင့်အရေးရှိပါတယ်၊ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ တစ်ခြားဥပဒေနည်းတူ တည်ဆဲဥပဒေတစ်ရပ်သာဖြစ်ပါတယ်၊ ကျွန်တော်တို့ လွှတ်တော်သည် ဥပဒေတွေကို ပြဌာန်းပေးဖို့ တာဝန်ရှိပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတဲ့ သမ္မတရဲ့ အရည်အချင်း၊ အမျိုးသမီးအခွင့်အရေး၊ ရိုဟင်ဂျာအရေး၊ နိုင်ငံသားအခွင့်အရေး၊ လယ်ယာမြေ သိမ်းဆည်းခံရမှု၊ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခစတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ပရိသတ်တွေရဲ့ မေးမြန်းချက်တွေကိုလည်း သူရဦးရွှေမန်းက ဖြေကြားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ NDI အမျိုးသားဒီမိုကရက်တစ် အင်စတီကျုနဲ့ ဝုဒရိုး ဝီလဆင် စင်တာ မဟာဗျူဟာနဲ့ အပြည်ပြည်ဆိုင်ရာလေ့လာရေးဌာနတို့ ပူးတွဲကျင်းပခဲ့တာဖြစ်ပြီး၊ အမေရိကန်အစိုးရ ဌာနဆိုင်ရာအရာရှိတွေ၊ ပုဂ္ဂလိက အန်ဂျီအိုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပါအဝင် မြန်မာ့အရေး စိတ်ဝင်စားသူတွေ ၁ဝဝ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ အခမ်းအနားကို တက်ရောက်သတင်းရယူခဲ့တဲ့ RFA အဖွဲ့သား ဦးကျော်ကျော်အောင်က ကောက်နှုတ်တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။