ရန်ကုန်က ၁၉ နှစ်အရွယ်လူငယ် စစ်ကြောရေးမှာ ၂၄ နာရီအတွင်း သေဆုံး

2021.11.24
ရန်ကုန်က ၁၉ နှစ်အရွယ်လူငယ် စစ်ကြောရေးမှာ ၂၄ နာရီအတွင်း သေဆုံး ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က မောင်ဘုန်းမြင့်အောင် ကို တွေ့ရစဉ်
.

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က အသက် ၁၉ နှစ်အရွယ် မောင်ဘုန်းမြင့်အောင်ဟာ နိုဝင်ဘာ ၂၂ ရက်နေ့ က စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေ က ပြောပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့လယ် ၃ နာရီအချိန်လောက်က ဗိုလ်တစ်ထောင်မြို့နယ် ၅၄ လမ်းကနေအိမ်မှာ မောင်ဘုန်းမြင့်အောင်နဲ့ ဖခင်ဖြစ်သူတို့ကို စစ်ကား သုံးစီးနဲ့ လာရောက်ဖမ်းဆီးခံခဲ့ရတာလို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

"၂၂ ရက်နေ့က စစ်ကားတွေနဲ့ လာခေါ်ပြီး သူ့အဖေပါ ခေါ်သွားတာ။ ၂၃ ရက်နေ့မှာ လာပြီး အလောင်း ထုတ်လှည့်ဆိုပြီး ပြောတာ။ သူ့အဖေကို ည ၁၂ နာရီမှာ ပြန်လွှတ်လိုက်တယ်"

အသက် ၁၉ နှစ်အရွယ် မောင်ဘုန်းမြင့်အောင် ဟာ တက်တက်ကြွကြွနဲ့ ကျန်းမာရေး ကောင်းမွန်သူ လူငယ် တစ်ယောက်ဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘာကြောင့်ဖမ်းဆီးခဲ့တယ်ဆိုတာ မသိရဘူးလို့ ပြောပါတယ်။

သူဘယ်လို သေဆုံးခဲ့ရတယ်ဆိုတာ စစ်ကောင်စီဘက်က ဘယ်လိုအကြောင်းပြခဲ့တယ်ဆိုတာ မသိရသလို ရုပ်အလောင်းကို ကြည့်ရှုခွင့် ရှိ၊ မရှိ ဆိုတာလည်း RFA အနေနဲ့ မသိရသေးပါဘူး။

ဒီနေ့ နိုဝင်ဘာ ၂၄ ရက် နေ့လယ် ၁ နာရီက ရုပ်အလောင်းကို ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့လည်း သိရပါတယ်။

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ ကိုးလအတွင်း စစ်ကြောရေးမှာ သေဆုံးရသူတွေဟာ မောင်ဘုန်းမြင့်အောင် အပါအဝင် စုစုပေါင်း အယောက် ၈၀ အထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။