စစ်ကောင်စီနဲ့ ဆွေးနွေးမယ့်သူအားလုံးကို ဆန့်ကျင်ရှုတ်ချကြောင်း တော်လှန်ရေး ၁၁ ဖွဲ့ထုတ်ပြန်

RFA Burmese
2023.07.31
စစ်ကောင်စီနဲ့ ဆွေးနွေးမယ့်သူအားလုံးကို ဆန့်ကျင်ရှုတ်ချကြောင်း တော်လှန်ရေး ၁၁ ဖွဲ့ထုတ်ပြန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီ (NMSP) တာဝန်ရှိသူတို့ နေပြည်တော်မှာ ၂၀၂၂ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ဆုံစဉ်။
Myanmar Military

စစ်ကောင်စီနဲ့ စေ့စပ်ရေးလမ်းကြောင်း လျှောက်လှမ်းမယ့်သူတွေနဲ့ အဲဒီသူတွေပါတဲ့ အဖွဲ့အစည်းတွေကို ဘယ်သူဖြစ်ဖြစ် ပြတ်ပြတ်သားသား ဆန့်ကျင်ရှုတ်ချသွားမယ်လို့ တော်လှန်ရေးအဖွဲ့ ၁၁ ဖွဲ့က ဇူလိုင်လ ၃၁ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီဟာ လူထုတစ်ရပ်လုံးအပေါ် အခုချိန်အထိ ရက်ရက်စက်စက် သတ်ဖြတ်နေတာကြောင့် စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရားစတဲ့ စစ်သုံးစစ်နဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးဟာ တော်လှန်ရေးရဲ့ သမိုင်းပေးတာဝန်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ထုတ်ပြန်ချက်အဖွဲ့ထဲမှာပါတဲ့ ဧရာဝတီလူငယ်များသမဂ္ဂဥက္ကဋ္ဌ ကိုမင်းထက်နိုင်ကလည်း စစ်အုပ်စုနဲ့ စေ့စပ်ရေး လုပ်သူဟာ တော်လှန်ရေးကို သစ္စာဖောက်တဲ့လုပ်ရပ် လုပ်တာလို့သတ်မှတ်ကြောင်း RFA ကိုပြောပါတယ်။

"လက်ရှိ စစ်အုပ်စုက နိုင်ငံရေးက အသာတကြည်ထွက်သွားမယ်လို့တော့ ကျွန်တော်တို့က မထင်ပါဘူး၊ လူမျိုးစုံ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ ဒီစစ်အုပ်စုကို လူမျိုးပေါင်းစုံ လူထုတစ်ရပ်လုံးက အမြစ်ဖြတ် ချေမှုန်းဖို့ကိုပဲ အလိုရှိနေကြတာဖြစ်တယ်။ လူထုအားနဲ့ စစ်အုပ်စုကို အမြစ်ဖြတ်ဖို့ကိုပဲ ကျွန်တော်တို့ အနေနဲ့ လိုလားပါတယ်။ ရန်သူနဲ့ စေ့စပ်ရေးလုပ်သူဟာ တော်လှန်ရေးကို သစ္စာဖောက်တဲ့ လုပ်ရပ်ပဲလို့ သတ်မှတ်ပါတယ်"

ခေတ်အဆက်ဆက် ဆင်နွဲလာခဲ့တဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတိုက်ပွဲမှာ လူမျိုးပေါင်းစုံ လူထုတစ်ရပ်လုံး ပါဝင်မှုမြင့်မားနေချိန် ဘုံရန်သူကိုဆန့်ကျင်တဲ့ ဘယ်အဖွဲ့ကိုမဆို မိတ်ဆွေအဖြစ် သဘောထားရမယ်လို့လည်း ပူးတွဲထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း တိုက်ခိုက်ရန်လိုတဲ့ အပြုအမူအားလုံးကိုလည်း ချေမှုန်းတိုက်ဖျက် ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီထုတ်ပြန်ချက်ကို ဧရာဝတီလူငယ်များသမဂ္ဂ၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂ၊ ကြယ်နီတပ်ဦး၊ တိုးတက်သောလူငယ်အစည်းအရုံး (ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ)၊ ဧရာဝတီတော်လှန်တပ်ဦးနဲ့ ဧရာဝတီတိုင်း လယ်သမားအင်အားစု အပါအဝင် တော်လှန်ရေး ၁၁ ဖွဲ့က ပူးတွဲထုတ်ပြန်တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကတော့ ပြည်သူ့အကျိုးနဲ့ နိုင်ငံ့အကျိုးကိုရှေးရှုပြီး မဖြစ်မနေ စစ်ကောင်စီနဲ့ တွေ့ဆုံ ဆွေးနွေးရမယ်ဆိုရင်တော့ တပ်မတော်ဟာ နိုင်ငံရေးကနေ လုံးဝစွန့်ခွာမယ်ဆိုတာကို အာမခံချက်ပေးရမယ်လို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ရိုက်တာသတင်းဌာနကို ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။