စစ်အာဏာသိမ်းပြီး ခြောက်လအတွင်း လူတစ်ထောင်ကျော် သတ်ဖြတ်ခံရ
2021.08.18
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ ခြောက်လအတွင်း အရပ်သား တစ်ထောင်ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်တယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မနေ့က စာရင်းထုတ်ပြန်လိုက်ပါတယ်။
အတိအကျဆိုရင် ၁၀၀၆ ယောက် သတ်ဖြတ်ခံရပြီး ၇၃၃၈ ယောက် ဖမ်းဆီးခံရပါတယ်။ အခုထိ ဖမ်းဆီးခံထားရတဲ့လူ အယောက် ၅၇၃၀ ရှိပြီး ၁၉၈၄ ယောက်ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။
စစ်ကောင်စီဟာ မဲမသမာမှုကို အကြောင်းပြပေမယ့် အာဏာကို ရယူချင်တာလို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။
လုံခြုံရေးအရ တိမ်းရှောင်နေရတဲ့ အရှင်သောပါက ကလည်း စစ်အာဏာသိမ်းလိုက်ကတည်းက တိုင်းပြည်ကမောက်ကမ ဖြစ်ရတယ်လို့ မိန့်ပါတယ်။ အာဏာရှင်စနစ်ဟာ အရင်တုန်းကလည်း မကောင်း၊ ခုလည်း မကောင်း၊ နောင်လည်းကောင်းမှာ မဟုတ်တဲ့အကြောင်း၊ ကမ္ဘာမှာ အာဏာရှင်စနစ် မကျင့်သုံးတော့ချိန်မှာ မြန်မာနိုင်ငံမှာ ကျင့်သုံးတာ ဝမ်းနည်းစရာကောင်းတဲ့ အကြောင်းမိန့်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကစလို့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး ဒီမိုကရေစီလမ်းကြောင်း ပြန်သွားဖို့ လူထုက ဆန္ဒပြနေတဲ့အတွက် နိုင်ငံမတည်မငြိမ် ဖြစ်ရပါတယ်။ အရပ်သားတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျည်အစစ်သုံးပြီး သွေးထွက်သံယို ဖြိုခွင်းပါတယ်။
ဒါဟာ သာမန်ဆန္ဒပြသူတွေကို ဖြိုခွင်းတဲ့သဘောမျိုး မဟုတ်တော့ဘူးလို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။ ကျေးလက်တွေမှာ ရွာလုံးကျွတ်မီးရှို့တာ၊ ကနီမှာ လူအမြောက်အမြား သေဆုံးရတာတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုထက် ကျော်လွန်ပြီး နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်တဲ့ အဆင့်ရောက်နေတယ်လို့ ရှုမြင်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နှိမ်နင်းလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ တချို့ အပါအဝင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေက လမ်းပေါ်ထွက်လို့ ပြောက်ကျားစနစ် လျှပ်တပြက် ဆန္ဒပြနေတုန်းပဲဖြစ်ပါတယ်။ AAPP က အတည်ပြုလို့ ရသလောက် စာရင်းနဲ့ RFA က စုံစမ်းသိရှိစုဆောင်းထားတဲ့ စာရင်းမကွာပေမယ့် အမှန်တကယ် သေဆုံးသူဦးရေက ဒီထက်များနိုင်တယ်လို့ AAPP တွဲဖက်အတွင်းရေးမှူးကိုဘိုကြည်က AFP သတင်းဌာနကို ပြောပါတယ်။
စစ်တပ်လက်ထဲ အာဏာရှိနေသမျှ လူငယ်တွေ၊ ဆရာဝန်တွေ ဆရာ-ဆရာမတွေလို အသက်မွေးဝမ်းကျောင်းပြုသူတွေ၊ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို ဆက်လက်သတ်နေမယ်လို့လည်း ပြောပါတယ်။
AAPP အတွင်းမှုုးကိုတိတ်နိုင်ကလည်း စစ်တပ်ဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ အများဆုံးအသတ်ခံရပြီး ၄၀ ကျော်ဟာ ဦးခေါင်းတည့်တည့် ပစ်သတ်ခံရတယ်လို့ AP သတင်းကို ပြောပါတယ်။ ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ အတော်များများ သေဆုံးရတယ်လို့လည်း တဆက်တည်းပြောပါတယ်။
စစ်အာဏာသိမ်းလိုက်ကတည်းက ထောင်တံခါးတွေ ပွင့်လာပြီး ဖမ်းဆီးနှိပ်စက်တဲ့ စစ်ကြောရေးစခန်းတွေက သက်ဝင်လာတယ်လို့ အရှင်သောပါက ကမိန့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်တုန်းက စစ်ကြောရေးစခန်းအသံ မကြားရတဲ့အကြောင်း၊ ခုတော့ ဒီနေ့ဖမ်းပြီး နောက်နေ့ အလောင်းလာထုတ်ခိုင်းလို့ အလောင်းလာထုတ်လည်း ငွေတောင်းတဲ့ အကြောင်း၊ ဒီလိုစစ်အာဏာရှင်စနစ် မရှိသင့်တဲ့အကြောင်း မိန့်ပါတယ်။
AAPP စာရင်းကို စစ်ကောင်စီ ခေါင်းဆောင်ပိုင်းက အငြင်းပွားပေမယ့် လောလောလတ်လတ်စာရင်းကို မထုတ်ပြန်သေးဘူလို့ AP သတင်းမှာ ဖော်ပြပါတယ်။ မေလကုန်ပိုင်းတုန်းကတော့ လူ ၃၀၀ လောက် သေဆုံးတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားပါတယ်။