ထိုင်းရွေးကောက်ပွဲ မြန်မာတွေစိတ်ဝင်တစား စောင့်ကြည့်မျှော်လင့်

တင်အောင်ခိုင်
2023.05.12
ထိုင်းရွေးကောက်ပွဲ မြန်မာတွေစိတ်ဝင်တစား စောင့်ကြည့်မျှော်လင့် ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့က Move Forward ပါတီခေါင်းဆောင်သည် ဘန်ကောက်မြို့တွင် ပါတီ၏နောက်ဆုံးမဲဆွယ်ပွဲအတွင်း ထောက်ခံသူများအား ကြိုဆိုနှုတ်ဆက်နေစဉ်။
AFP

မေလ ၁၄ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ထိုင်းနိုင်ငံသားတွေ စိတ်၀င်တစားရှိကြသလို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေလည်း စိတ်၀င်စားကြပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ စိတ်၀င်စားပုံချင်းတော့ ကွာပါတယ်။

မြန်မာနိုင်ငံသားတွေ စိတ်၀င်စားတာက တက်လာမယ့် အစိုးရရဲ့နိုင်ငံခြားရေးပေါ်လစီနဲ့ နိုင်ငံခြားက လာအလုပ်လုပ်မယ့် အလုပ်သမားတွေအပေါ် ထားရှိမယ့်ပေါ်လစီတွေပါ။

ဒါကြောင့် မြန်မာနိုင်ငံသားတချို့က ပါတီတွေရဲ့ မဲဆွယ်စည်းရုံးနေတဲ့ အခြေအနေပြောဆိုချက်တွေကို ဂရုတစိုက်ကြည့်ရူ့ နားထောင်နေပါတယ်။ ဘာသာစကားအခက်အခဲအရ အင်္ဂလိပ်လိုရေးသားတဲ့ ဘန်ကောက်ပိုစ်နဲ့ The Nation သတင်းတွေကို ဖတ်ရတာမျိုးရှိသလို နားထောင်ခဲ့သူတွေပြောတာကို တစ်ဆင့်ပြန်နားထောင်တာ၊ ရေးသားတာကို ပြန်ဖတ်ရတာတွေလည်းရှိပါတယ်။

အဲဒီမှာ သိလိုက်ရတာက ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေအရ မဲဆွယ်စည်းရုံးတဲ့အခါ နိုင်ငံခြားရေးမူ၀ါဒကို ပြောဆိုခွင့်မပြုထားဘူးဆိုတာကြောင့် လမ်းဆုံးသွားရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းချိန်က ထိုင်းနိုင်ငံမှာ ရေပန်းစားနေတဲ့ Move Forward Party နဲ့ အတိုက်အခံပါတီတွေက ကန့်ကွက်ဖူးတာကြောင့် အဲဒီပါတီတွေနိုင်ခဲ့ရင် မြန်မာအတွက် ပိုကောင်းလာလေမလားဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေကြပါတယ်။ 

ခုပထမဆုံး ထိုင်းနိုင်ငံအတွင်း နိုင်ငံရေးအရ ခိုလှုံလာသူတစ်ဦးက ထိုင်းရွေးကောက်ပွဲဟာ အကျောပေးယှဥ်ပြိုင်ရတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောပါတယ်။

“ရွေးကောက်ပွဲစနစ်ကိုက အကျောပေးပြိုင်ရတဲ့ သဘောပဲ ကျွန်တော်တို့ဆီကလိုပဲ အရပ်သား အစိုးရဖြစ်လာမဲ့ ရွေးကောက်ခံပုဂ္ဂိုလ်တွေဟာ အင်မတန် ပြည်သူလူထုထောက်ခံမှုရမှ အောင်မြင်မယ်လို့ ယူဆတယ်”

ခုလိုပြောဆိုရတာဟာ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအရ ရွေးချယ်တင်မြောက်ခံမဟုတ်သူ အမတ် ၂၅၀ က အလိုအလျောက် လွှတ်တော်ထဲမှာရှိနေပြီး ၀န်ကြီးချုပ်ရွေးရာမှာ ပါ၀င်နေတာကြောင့် အမတ် ၂၅၀ အကျောပေးထားရလိုဖြစ်နေတာပါ။

ထိုင်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နယ်စပ်မှာနေထိုင်တဲ့ ကရင်အမျိုးသားတစ်ဦးကတော့ စာနာထောက်ထားတတ်တဲ့အစိုးရ ဖြစ်စေချင်ပါတယ်လို့ ပြောပါတယ်။

“ခုရွေးကောက်ပွဲကနေ ဖြစ်လာမယ့် အစိုးရကတော့ အရင်အစိုးရထက် ပိုကောင်းစေချင်တာပေါ့၊ ကျွန်တော်တို့ မြန်မာပြည်သားတွေက ကိုယ့်နိုင်ငံမှာလည်း တစ်ကမ္ဘာလုံးသိတဲ့အတိုင်းပဲ စစ်အာဏာရှင်အုပ်စိုးတဲ့ အချိန်ကာလမှာဆိုတော့ ဖိနှိပ်ခံနေရတယ်၊ ကိုယ့်နိုင်ငံမှာ မနေနိုင်လို့ သူများနိုင်ငံမှာ အလုပ်လာလုပ်တဲ့အခါကျတော့ တစ်ဖက်နိုင်ငံက ကိုယ့်အပေါ်စာနာ ထောက်ထားမှုရှိမယ်ဆိုရင် စိတ်ကောင်းတာပေါ့နော်”

ထိုင်းနိုင်ငံမှာ တရား၀င်လာအလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေကျတော့လည်း ရွေးကောက်ပွဲနီးလို့ အလုပ်သမားသက်တမ်းတိုးဖို့ရက်နဲ့ ရွေးကောက်ပွဲကျင်းပချိန် တိုက်ဆိုင်နေပြီး သက်တမ်းတိုးရာမှာ ပြဿနာတွေပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။

မြန်မာအလုပ်သမားတွေအရေး ဆောင်ရွက်ပေးနေတဲ့ ဘန်ကောက်မြို့က ချစ်သောမြန်မာပြည် အကယ်ဒမီက ဦးမြင့်၀ေပြောတာက…

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတာကတော့ နံပါတ်တစ် အလုပ်သမားတွေဟာ ၇ လပိုင်း ၁၁ ရက်နေ့က တင်ထားတာတွေကို အလုပ်သမား၀န်ကြီးဌာနက ရွေးကောက်ပွဲအကြောင်းပြပြီး ဘာမှမလုပ်သေးဘူး၊ သူတို့တင်ထားတာ ၁၅ ရက်နေ့ဆို သက်တမ်းကုန်ပြီ အဲ့ဒီတော့ စိုးရိမ်နေကြတယ်။ နောက်တစ်ခုကတော့ နောက်တက်လာမယ့် အစိုးရဟာ အလုပ်သမားအရေး၊ ဒုက္ခသည်အရေးကို ပိုပြီးအားပေးမယ့်အစိုးရ ဖြစ်စေချင်တယ်ပေါ့”

တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ထိုင်းပြည်သူ ၅၂ သန်း မဲပေးဖို့ရှိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ အဲ့ဒီမဲပေးကြမယ့်သူတွေထဲမှာ မြန်မာနိုင်ငံသားအလုပ်သမားတွေ၊ မြန်မာနိုင်ငံကနေ လာရောက်ခိုလှုံနေသူတွေ၊ စစ်ဘေးရှောင်တွေတော့ ပါ၀င်မှာမဟုတ်ပါဘူး။ ထိုင်းပြည်သူတွေကပဲ သူတို့လိုချင်တဲ့အစိုးရကို မဲပေးရွေးချယ်သွားမှာ ဖြစ်ပါတယ်။ 

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။