နိုင်ငံခြားသားတွေကို စောင့်ကြည့်မိန့်ထုတ်ပြန်ပြီး တစ်ပတ်အတွင်း ထိုင်းမှာ မြန်မာငါးထောင်နီးပါး ဖမ်းဆီးခံရ
2025.02.28

ထိုင်းနိုင်ငံ နေရာတချို့မှာ နိုင်ငံခြားသားတွေဟာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတာ၊ နိုင်ငံရဲ့ ပုံရိပ်နဲ့ လုံခြုံရေးကို ထိခိုက်စေတာတွေ ပြုမူနေတယ်ဆိုတဲ့ သတင်းတွေထွက်လာတဲ့နောက် ထိုင်းရဲချုပ် Kitrat Panphet က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ အရေးပေါ်အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အများပြည်သူလုံခြုံရေးနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဦးစားပေးဆောင်ရွက်ဖို့နဲ့ ဖောက်ဖျက်ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒီလိုညွှန်ကြားပြီးနောက်တစ်နေ့ ဖေဖော်ဝါရီ ၁၈ ကနေ ၂၄ ရက်နေ့အထိ တစ်ပတ်အတွင်း နိုင်ငံခြားသား ၉၅၀၀ ကျော် ဖမ်းဆီးရမိပြီး အဲဒီအထဲ မြန်မာရွှေ့ပြောင်းအလုပ်သမား ငါးထောင်နီးပါး ပါဝင်တယ်လို့ ထိုင်းနိုင်ငံ ရဲမှုခင်းသတင်းတွေဖော်ပြနေတဲ့ Police TV က ထုတ်ပြန်ပါတယ်။ ဒီထဲမှာ အထောက်အထားမပြည့်စုံတဲ့သူရော ထိုင်းနိုင်ငံရဲ့ဥပဒေကို ချိုးဖောက်တဲ့သူတွေပါ ဝင်တယ်လို့ဆိုပါတယ်။
ထိုင်းမှာ မြန်မာနိုင်ငံသားတွေက ပိုများနေတာကိုး အဓိကတော့ လောလောဆယ်မှာ မြန်မာနိုင်ငံသားတွေကို ဖမ်းတဲ့ပုံစံ ဖြစ်နေတာပေါ့
အရင်က နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေကို ဖမ်းဆီးတာ၊ စျေးဆိုင်တွေကို ဝင်စစ်တာနဲ့ စစ်ဆေးရေးဂိတ်တွေမှာ အထောက်အထားစစ်ဆေးခံရတာသာ များခဲ့ပေမဲ့ ဒီအမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ရဲတွေက အိမ်တွေထဲထိ လိုက်လံစစ်ဆေးတာတွေ လုပ်လာခဲ့တာပါ။
အိမ်နီးချင်းက သူ့အိမ်အဝင်အထွက်ကို စောင့်ကြည့်တိုင်တန်းတဲ့အတွက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ရပ်ကွက်လူကြီးနဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဝင် အင်အား ၁၀ ဦးဝန်းကျင် အိမ်ကို ဝင်ရောက်စစ်ဆေးခံခဲ့ရတယ်လို့ ချင်းမိုင်မြို့မှာနေထိုင်တဲ့ ကိုမျိုးမင်းက RFA ကို ပြောပါတယ်။
“ပတ်ဝန်းကျင်က ကျွန်တော်တို့ကို စောင့်ကြည့်နေတာ။ သူတို့နိုင်ငံသားက တိုင်လိုက်ရင် ချက်ချင်းရောက်လာပြီးတော့ ဥပဒေအရ အရေးယူတာမျိုးတွေ ရှိတယ်။ ပတ်ဝန်းကျင်ကို တည့်အောင် ပေါင်းတာမျိုးပေါ့။ ပတ်ဝန်းကျင်ကောင်းရင် လုံခြုံတာပေါ့။ ပတ်ဝန်းကျင် မကောင်းဘူး အမြဲတမ်းစောင့်ကြည့်ပြီးတော့ အပြစ်ရှာနေတာမျိုးဆိုရင်တော့ ကိုယ့်အတွက် မလုံခြုံဘူးပေါ့ အဲဒီလိုမျိုးတော့ ရှိတယ်”
အထောက်အထားပြည့်စုံပေမဲ့ အိမ်ပြောင်းခါစ ဖြစ်လို့ နိုင်ငံခြားသားတွေ လုပ်ရမဲ့ ထိုင်းဧည့်စာရင်း (TM 30) မရှိသေးတာကြောင့် လူဝင်မှုကြီးကြပ်ရေးရုံမှာ ဒဏ်ငွေဆောင်တဲ့အဆင့်နဲ့ ပြီးသွားခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနေ့က သူ့အိမ်ကိုလာလည်တဲ့ ဧည့်သည်သုံးယောက်ပါ အထောက်အထား စစ်ဆေးခံခဲ့ရသလို ရဲတွေက တခြားလမ်းကိုလည်း သွားရောက်စစ်ဆေးခဲ့ပြီး နေထိုင်ခွင့်သက်တမ်းကျော်နေတဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း မြန်မာတွေအနေများတဲ့ အိမ်ရာဝင်း၊ မြန်မာစျေးဆိုင်၊ ဆောက်လုပ်ရေးနေရာ၊ စျေးဝယ်စင်တာ၊ အွန်လိုင်းရှော့ပင်းလုပ်တဲ့ နေရာတွေမှာ ဖမ်းဆီးမှုတွေရှိနေတာပါ။
ချင်းမိုင်မြို့မှာ နေထိုင်တဲ့ မဒါဒါကလည်း ဘယ်အချိန် အိမ်ထဲဝင်စစ်မလဲဆိုတာ စိုးရိမ်နေရတယ်လို့ RFA ကို ပြောပါတယ်။
“သက်တမ်းတိုးတာ ဆက်လုပ်ထားတယ်ဆိုရင် အန္တရယ်မရှိဘူး ဆိုပေမဲ့ အခုနောက်ပိုင်း အိမ်ထဲထိရော နေတဲ့နေရာတွေထိပါ ဝင်စစ်လာတာမျိုးတွေ သတင်းတွေမှာ တွေ့ရတယ်။ အိမ်ထဲမှာပဲ နေရင်တောင် ဘယ်အချိန်လာပြီး ကိုယ့်စစ်မလဲဆိုတဲ့ ပုံစံနေနေရတယ်။ စိတ်ထဲမှာစိုးရိမ်တယ်”
ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက်ကလည်း သူနေတဲ့ အိမ်ရာဝင်းရဲ့ ရုံးခန်းကို ရဲတွေ ဝင်ရောက်စစ်ဆေးမှု ရှိတယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
ထိုင်းကနေ ပြန်ပို့ခံရတဲ့ အလုပ်သမားနှစ်ရာကျော်ကို စစ်ကောင်စီတပ် စစ်ဆေး
ထိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်ခွင့် စိုးရိမ်နေရ
ထိုင်းမှာ မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားဖမ်းဆီးမှု များနေ
မဲဆောက်မြို့မှာလည်း ဒီရက်ပိုင်း စျေးအတွင်းက ဆံပင်ညှပ်ဆိုင်နဲ့ ဖုန်းဆိုင်တွေမှာ ဖမ်းဆီးခံရတာ ဆယ်ယောက်လောက် ရှိတယ်လို့ အဲဒီမှာနေတဲ့ မြန်မာရွှေ့ပြောင်းတွေဆီက သိရပါတယ်။ မဲဆောက်မြို့မှာ ရဲက ဂိတ်စခန်းဖွင့် ဖမ်းဆီးတာနဲ့ စျေးထဲမှာ ဖမ်းဆီးတာ အများဆုံးဖြစ်နေတယ်လို့ အဲဒီမှာနေထိုင်တဲ့ မဘန်ဘန်းက ပြောပါတယ်။
“အခုက ပန်းရောင်ကတ်လုပ်တဲ့ ကာလဆိုတော့ တချို့က Name List (အမည်စာရင် စာရွက်) ကိုင်ဆောင်ထားတာပဲ ရှိတယ်၊ အပြည့်အစုံ မရှိသေးဘူးဆိုတော့ အဲ့ဒီ Name List ထဲမှာ ထည့်ပေးထားတဲ့ အလုပ်အကိုင်နဲ့ အပြင်မှာလုပ်တဲ့ အလုပ်အကိုင် မတူရင်လည်း ရစ်တာမျိုး ဖမ်းတာမျိုး ရှိတယ်။ အခုလက်ရှိ အထောက်ထားမဲ့လို့ အဖမ်းခံရတာရယ်၊ အထောက်ထား ရှိရဲ့သားနဲ့ အချက်အလက်မမှန်ဘူးလို့ စွပ်စွဲပြီး စာရွက်အတုလုပ်မှုနဲ့ ဖမ်းတဲ့ သူတွေလည်း ရှိတယ်”
မဲဆောက်မှာနေတဲ့ မြန်မာအများစုဟာ ရဲကို လစဉ်ပိုက်ဆံပေးပြီး လုပ်ထားတဲ့ ရဲကတ်နဲ့ နေကြတာမို့ အခုလို အဖွဲ့စုံစစ်ချိန်မှာ အဲဒီရဲကတ်က အကျုံးမဝင်တော့ဘဲ အထောက်အထားမဲ့လို့ သတ်မှတ်ပြီး ဖမ်းဆီးနေတာပါ ဒါအပြင် ကား၊ ဆိုင်ကယ်နဲ့ လိုက်ပါလာသူက အထောက်ထားမရှိရင် ခေါ်လာတဲ့သူက လူကုန်ကူးမှုနဲ့ ဖမ်းဆီးခံရတာလည်းရှိတယ်လို့ မဘန်ဘန်းက ပြောပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကလည်း မဲဆောက်မှာ မြို့တွင်းသာမက မြို့အပြင်က ကျေးရွာတွေကိုသွားတဲ့ လမ်းတွေမှာပါ ပိုက်စိပ်တိုက် စစ်ဆေးနေတယ်လို့ ပြောပါတယ်။
“ဖြတ်သွား ဖြတ်လာတွေကို စစ်ဆေးပြီးတော့ ကားပေါ်ကို ကြမ်းကြမ်းရှရှ ဆွဲတင်တယ်။ လူမြင်ကွင်းမှာ ပေါ်တာဆွဲသလို ဖမ်းတဲ့အခါကျတော့ တခြားလူတွေကိုပါ တစ်စုံတစ်ရာ ခြိမ်းခြောက်လိုက်သလို ထိတ်ထိတ်ပြာပြာတွေ ဖြစ်စေပါတယ်။ ဒါအပြင် လူတွေက ရေသောက်ပြီး ဗိုက်မှောက်နေရမဲ့ ကိန်းမျိုးဆိုက်နေပါ တယ်။ အထူးသဖြင့် စစ်ရှောင်တွေနဲ့ နောက်ရောက်လာတဲ့ CDM ဝန်ထမ်းတွေ ဖြစ်ပါတယ်”
မဲဆောက်မှာ ဖမ်းဆီးခံရတဲ့သူတွေကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက် နေရပ်ပြန်ပို့တဲ့အခါမှာ မြဝတီမှာရှိတဲ့ ခြေလျင်တပ်ရင်း (ခလရ -၂၇၅) နဲ့ တခြားတပ်ရင်းတွေမှာ စစ်သားစုဆောင်းရေးအတွက် ဖမ်းဆီးခံရတယ်လို့ သူက ပြောပါတယ်။
ဖူးကက်ပြည်နယ်မှာလည်း လက်ရှိ အလုပ်သမားဦးရေကို ပြန်ဆန်းစစ်ဖို့နဲ့ ညွှန်ကြားချက်တွေလိုက်နာရေး တင်းတင်းကျပ်ကျပ် ထုတ်ပြန်ဖို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၄ ရက်နေ့က အရေးပေါ် အစည်းအဝေး လုပ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံသားတွေ ဘေးကင်းလုံခြုံရေးအတွက် ဥပဒေမလိုက်နာတဲ့ ရွှေ့ပြောင်းနိုင်ငံခြားသားတွေကို ထိထိရောက်ရောက် အရေးယူဖို့လို့ပြောပေမဲ့ မြန်မာနိုင်ငံသားတွေ အဓိကထား ဖမ်းဆီးခံနေရတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီနေသူ ကိုရဲမင်းက RFA ကို ပြောပါတယ်။
“မြန်မာအာဏာပိုင်၊ ထိုင်းအာဏာပိုင် ဘယ်လိုသဘောတူညီပြီး ဘယ်လို လုပ်ထားပါတယ် ဆိုတဲ့ဟာမျိုး ပြောတာတော့ မဟုတ်ဘူး။ လောလောဆယ် အခင်းအကျင်းအရ ရွှေ့ပြောင်း နိုင်ငံခြားသားတွေကို အကြောင်းပြထားတယ်။ ဒါပေမဲ့ အဓိကက ထိုင်းမှာ မြန်မာနိုင်ငံသားတွေက ပိုများနေတာကိုး။ အဓိကတော့ လောလောဆယ်မှာ မြန်မာနိုင်ငံသားတွေကို ဖမ်းတဲ့ပုံစံ ဖြစ်နေတာပေါ့”
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေတဲ့အတွက် ထိုင်းအစိုးရအနေနဲ့ မြန်မာလုပ်သားတွေကို ဖမ်းဆီးတာတွေကို လျှော့ချပေးစေချင်တယ်လို့ ကိုရဲမင်းက ပြောပါတယ်။
လက်ရှိအချိန်ကလည်း ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာပူးပေါင်းပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းနေတဲ့ ကာလလည်း ဖြစ်နေပါတယ်။
အခုလို အဖမ်းဆီး တင်းကျပ်နေတဲ့ကာလမှာ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားမဝင် နေထိုင်တာ၊ မြန်မာနိုင်ငံသား လုပ်ခွင့်မရှိတဲ့ အလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်တာမျိုးတွေ မလုပ်ဘဲ မိမိခိုလှုံနေရတဲ့ နိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာကြဖို့လည်း အလုပ်သမားအရေးကူညီသူတွေက တိုက်တွန်းပါတယ်။
ထိုင်းရောက် မြန်မာနိုင်ငံသားတွေအရေးနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့က မြန်မာသံအရာရှိရုံးကို RFA ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။