ထိုင်းမှာ မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားဖမ်းဆီးမှု များနေ

2025.02.22
ထိုင်းမှာ မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားဖမ်းဆီးမှု များနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလှပြင်ဆိုင်တစ်ဆိုင်အား ထိုင်းအာဏာပိုင်များမှ စစ်ဆေးနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Khaosod English

 ထိုင်းနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း မြန်မာအပါအဝင် တရားမဝင်ဝင်ရောက်နေထိုင်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေကို အာဏာပိုင်တွေ ဖမ်းဆီးစစ်ဆေးတာတွေ ပိုများလာတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက RFA ကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဘန်ကောက်မြို့လယ်မှာရှိတဲ့ MBK ကုန်တိုက်ကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးရာမှာ မြန်မာအများစုအပါအဝင် အယောက် ၂၀ နီးပါး ဖမ်းဆီးခံလိုက်ရတယ်လို့ အမည်မဖော်လိုတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။

“မနေ့က နေ့လယ်ပိုင်းလောက်မှာ MBK က လေးလွှာကို ဝင်စီးပြီး စစ်တယ်၊ ဈေးရောင်းခွင့်မရှိတဲ့ မြန်မာနိုင်ငံသားတွေကို တစ်ခါတည်း ဖမ်းခေါ်သွားတယ်၊ အယောက် ၂၀ လောက် ဖမ်းခံရတယ်၊ အများစုက မြန်မာတွေ များတယ်၊ အခုက ဖမ်းမယ်ဆိုတာချည်းပဲ နည်းနည်းတော့ သတိထားနေ နေရတယ်”

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း MBK ကုန်တိုက်ကို ထပ်ပြီးဝင်ရောက်စစ်ဆေးနေတာကြောင့် ဆိုင်တချို့ပိတ်ထားကြရတယ်လို့လည်း ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးစစ်ဆေးတာတွေမှာ မြန်မာအများစု ဖမ်းဆီးခံနေရတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားအရေးလှုပ်ရှားသူ အေအေစီ ကိုရဲမင်းက RFA ကို ပြောပါတယ်။

“ဘန်ကောက်မြို့ရဲ့ ဧရိယာမှာရှိတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတဲ့ ပုံစံမျိုးပေါ့၊ ကျွန်တော်တို့ သုံးသပ်တာကတော့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတာမဟုတ်ဘူး၊ မြန်မာနိုင်ငံသားတွေကိုပဲ အဓိက ဖမ်းဆီးတယ်လို့ပဲ ထင်တယ်၊ ဘာလို့လဲဆိုတော့ MBK မှာ ဝင်ဖမ်းသွားတာ အယောက် ၂၀ လောက်ပါသွားတယ်လို့ သိရတယ်၊ အဲဒီမှာ မြန်မာနိုင်ငံသားတွေ အများစုပါသွားတယ်၊ ဈေးရောင်းနေတဲ့သူတွေ၊ အထောက်အထား မရှိသူတချို့လည်း ပါသွားတယ်ပေါ့၊ အဓိကကတော့ ထိုင်းလူမျိုးတွေပဲ လုပ်ခွင့်ရှိတဲ့ နေရာတွေမှာ ဝင်လုပ်နေတဲ့ အလုပ်သမားတွေကို ဈေးရောင်းတယ်ဆိုတဲ့ပုံစံနဲ့ ဝင်ဖမ်းသွားတာပေါ့”

ထိုင်းအာဏာပိုင်တွေက ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တစ်ဝိုက်မှာ တရုတ်၊ မြန်မာစစ်ကောင်စီတို့နဲ့ ပူးပေါင်းပြီး ကျားဖြန့်နှိမ်နင်းရေးလုပ်ဆောင်နေတာနဲ့တပြိုင်နက် မြန်မာအများစုနေထိုင်တဲ့ ဘန်ကောက်၊ ချင်းမိုင်နဲ့ မဲဆောက်မြို့တွေမှာ တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးတာတွေ ပိုလုပ်လာတာလို့ ထိုင်းရောက် မြန်မာတွေနဲ့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ထိုင်းအာဏာပိုင်တွေက နိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်တာ၊ အလုပ်လုပ်ကိုင်တာ စတဲ့အချက်တွေနဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား ရာနဲ့ချီ ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။