ထိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်ခွင့် စိုးရိမ်နေရ
2025.02.27

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၇ သန်းကျော်ရဲ့ တရားဝင်နေထိုင် အလုပ်လုပ်ခွင့် အထောက်အထားဖြစ်တဲ့ အလုပ်သမားကတ် (ပန်းရောင်ကတ်) သက်တမ်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် နေ့မှာ ကုန်ဆုံးသွားပါပြီ။ ဒီလူဟောင်းအလုပ်သမားတွေရဲ့ သက်တမ်းတိုးလုပ်ငန်းစဥ်ဟာ မြန်မာသံရုံးဘက်က ပြန်မဖွင့်သေးတာကြောင့် ကြန့်ကြာနေပြီး နေထိုင်ခွင့်အထောက်အထားအတွက် စိုးရိမ်နေရတယ်လို့ ထိုင်းရောက် မြန်မာတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးကူညီသူတွေက ပြောပါတယ်။
မြန်မာဘက်က မူဝါဒအတိအကျ ထွက်မလာသေးတာကြောင့် သက်တမ်းတိုးတာ ရပ်တန့်နေတယ်လို့ အလုပ်သမားကတ် လျှောက်ထားပေးသူ ကိုကုလားက ပြောပါတယ်။
"မြန်မာဘက်ကပဲ ကျန်နေတာ။ ထိုင်းဘက်က အဆင်သင့်ဖြစ်နေပြီ။ ဆေးဆိုလည်း စစ်ပြီးသွားပြီ လူဟောင်းတွေ အသုတ်က နာမည်စာရင်းဆိုလည်း တင်ပြီးသွားပြီ။ အခုကျန်တာ မြန်မာဘက်ကိုတင်ဖို့။ တင်ဖို့ မြန်မာဘက်က ဘယ်လိုဆက်လုပ်မလဲဆိုတာ အတိအကျပြောမလာဘူး။ ကြားတာတော့ အွန်လိုင်းစနစ်နဲ့ တင်ရမယ်။ အဲလိုဆိုလည်း ဘယ်လိုင်းကို တင်ရမလဲဆိုတာ မထွက်လာသေးဘူး။ အခုကတော့ ထိုင်းဘက်ကို တင်ထားတဲ့ အမည်စာရင်းတစ်ခုပဲ ကျသေးတယ်။ ကျန်တဲ့အပိုင်းတွေ ဆက်လုပ်လို့ မရသေးဘူး ။ အစ်ကိုတို့လူမှမဟုတ်ဘူး။ ထိုင်းတစ်နိုင်ငံလုံးမှာရှိနေတဲ့ လူဟောင်းအသုတ် ရွှေ့ပြောင်းအလုပ်သမားတွေ အားလုံးက ဒီပုံစံဖြစ်နေတယ်။ ဒါပထမဆုံးအကြိမ်ပဲ ဒီလိုကြုံတာ"
မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်သမားကတ် (ပန်းရောင်ကတ်) သက်တမ်းတွေ တစ်ချိန်တည်းမှာ ကုန်ဆုံးသွားတာပါ။ သက်တမ်းကုန်သွားပေမဲ့ ထိုင်းအစိုးရဘက်က မြန်မာနဲ့ ကမ္ဘောဒီးယားက ရွှေ့ပြောင်းအလုပ်သမားတွေကို ၂၀၂၅ သြဂုတ်လအထိ ခြောက်လ ထပ်တိုး နေထိုင်ခွင့်ပြုထားပြီး လာအိုနဲ့ ဗီယက်နမ်ကိုတော့ ၂၀၂၅ မေလထိ သုံးလ ခွင့်ပြုထားတယ်လို့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်
"မြန်မာဘက်ကပဲ ကျန်နေတာ။ ထိုင်းဘက်က အဆင်သင့်ဖြစ်နေပြီ။ ဆေးဆိုလည်း စစ်ပြီးသွားပြီ လူဟောင်းတွေ အသုတ်က နာမည်စာရင်းဆိုလည်း တင်ပြီးသွားပြီ။ အခုကျန်တာ မြန်မာဘက်ကိုတင်ဖို့"
ဒီခွင့်ပြုချက်ဟာ အလုပ်သမားကတ် သက်တမ်းတိုးဖို့ နာမည်စာရင်းတင်ထားတဲ့သူတွေအတွက်သာ အကျုံးဝင်မှာပါ။ နာမည်စာရင်းမတင်ထားတဲ့သူတွေကတော့ အထောက်အထားမဲ့ ဖြစ်မှာဖြစ်ပြီး စစ်ဆေးတွေ့ရှိရင် ထိုင်းအာဏာပိုင်တွေရဲ့ အရေးယူခြင်းကို ခံရနိုင်ပါတယ်။
ဆက်နွှယ်သောသတင်းများ
ထိုင်းရောက် တရားဝင်မြန်မာရွှေ့ပြောင်းလုပ်သားတွေ အခွင့်အရေးချိုးဖောက်ခံနေရ
မဲဆောက်မှာ တရားမဝင်နိုင်ငံခြားသားတွေကို ဖမ်းဆီးဖို့ ထိုင်းရဲမှူးချုပ် ညွှန်ကြား
မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဆက်ကြုံရဦးမဲ့ အခက်အခဲများ
ထိုင်းရောက်မြန်မာ အလုပ်သမားအရေး ကူညီနေတဲ့ ကိုရဲမင်းကတော့ ထပ်တိုးနေထိုင်ခွင့်ပေးထားတဲ့ ခြောက်လအတွင်း မြန်မာဘက်က ဘာအပြောင်းအလဲရှိလာမလဲဆိုတာ စောင့်ကြည့်ဖို့ လိုမယ်လို့ RFAကို ပြောပါတယ်။
“ထိုင်းဘက်က လုပ်ပေးချင်တယ် အမြန်ဆုံးသက်တမ်းတိုးပေးချင်တယ်။ ဒါကြောင့်မို့လည်း မြန်မာဘက်က ညစ်ထားတာကိုတောင်မှ ထိုင်းက ခြောက်လ သက်တမ်းတိုးပြီး ပေးနေထားတာလေ။ မြန်မာဘက်က ဘယ်လိုလုပ်မလဲ ခြောက်လအတွင်းမှာ ဘာထူးခြားမလဲ ထိုင်းဘက်ကပဲ တစ်စုံတစ်ခု ပန်းရောင်ဘတ် အသစ်တွေ ပြန်လုပ်ဖို့ပြောတာမျိုး လုပ်လာမလားဆိုတာ ကြည့်ရမှာပေါ့။ အခုအခြေအနေက ကြန့်ကြာနေတဲ့ ကိစ္စက ထိုင်းနဲ့ မဆိုင်ဘူး။ ထိုင်းဘက်က လုပ်ပေးချင်တယ်”
ဒါဟာ မြန်မာသံရုံးဘက်က ပြည်ပရောက် အလုပ်သမားတွေကို ပြည်တွင်းထဲပြန်ခေါ်ပြီး ကိုယ်ရေးအချက်အလက်တွေယူဖို့၊ စစ်သားစုဆောင်းဖို့ စတဲ့ အကြံအစည်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ရပ်တန့်ထားတာလို့ ကိုရဲမင်းက ပြောပါတယ်။ ထိုင်းဘက်ကလည်း မြန်မာဘက်က ကြန့်ကြာမှုကြောင့် လူဟောင်းတွေရဲ့ သက်တမ်းတိုးကိစ္စကို ကိုင်တွယ်ရခက်နေတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။
လေးနှစ် သက်တမ်းရှိတဲ့ ကျွမ်းကျင်အလုပ်သမားတွေကို အဆုံးရှုံးခံမှာ မဟုတ်တဲ့အတွက် နယ်စပ်ပြန်ပို့ခိုင်းတာတွေ၊ ပြည်တွင်းပြန်ပို့ခိုင်းတာတွေကို ထိုင်းဘက်က လိုက်လျောမှာ မဟုတ်ဘူးလို့လည်း ကိုရဲမင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ပွဲစားတွေရဲ့ သက်တမ်းတိုးခ အဆမတန်ကောက်ယူမှုတွေကြောင့် ခက်ခဲခဲ့ရသလို အခုလည်း သက်တမ်းတိုးကြန့်ကြာမှုတွေကြောင့် နေ့စဥ်သွားလာရာမှာ လုံခြုံရေး စိုးရိမ်နေကြရပါတယ်။
လက်ရှိမှာ ကိုယ်နာမည်စာရင်းသွင်းထားတဲ့ နယ်မြေက ကျော်ပြီး ခရီးသွားချင်ရင် သက်ဆိုင်ရာ နယ်မြေအာဏာပိုင်တွေရဲ့ ခရီးသွားထောက်ခံချက်လိုမှာဖြစ်ပြီး အသွားအလာ အနေအထိုင် ပိုဆင်ခြင်ကြဖို့ ရွှေ့ပြောင်းအလုပ်သမားအရေးကူညီသူတွေက သတိပေးထားပါတယ်။
သက်တမ်းတိုးလုပ်ငန်းမပြီးပြတ်သေးတဲ့ ကာလအတွက် ထိုင်းအစိုးရဘက်က ခြောက်လ ထပ်တိုး နေထိုင်ခွင့်ပြုထားပေမဲ့ အခုရက်ပိုင်းအတွင်းမှာ စစ်ဆေးမှုတွေရှိလာတာမို့ စိုးရိမ်နေရတယ်လို့ ချင်းမိုင်မြို့မှာ နေထိုင်တဲ့ ကိုစိုင်းစိုင်းက ပြောပါတယ်။
"တရားဝင် ထုတ်ပြန်ချက်အရ နေထိုင်ခွင့်ပေးထားတယ်ဆိုပေမဲ့ တကယ်တမ်းကျစစ်ဆေးရေးဂိတ်တွေမှာ တားဆီးစစ်ဆေးခံရတဲ့ အခါကျရင် မရဘူးလို့ ငြင်းတာမျိုးတွေ၊ လဝကနဲ့ ဖြေရှင်းရတာမျိုးတွေ ဒါမျိုးတွေ စိုးရိမ်ချက်ဖြစ်တယ်။ မြန်မာတွေ အနေများတဲ့နေရာတွေမှာ အရင်ကထက်ပိုပြီး စစ်ဆေးတာတွေရှိတယ်လို့ သိရတယ်။ ချင်းမိုင်မှာ ပုံမှန် စစ်ဆေးရေးဂိတ်တွေမရှိတဲ့ နေရာတွေတောင်မှ အခုဆို ဂိတ်တွေ ပိုရှိလာတယ်။ မြန်မာတွေ အလာများတဲ့ မြန်မာထမင်းဆိုင်၊ ကုန်စုံဆိုင်တို့မှာ ဝင်ရောက်စစ်ဆေးပြီး နေထိုင်ခွင့် အထောက်အထား ပြခိုင်းတာတို့ ဒါမျိုးတွေကြားသိရတယ်။ ဆိုတော့ သွားလာတဲ့ဟာတွေက အရင်လို လွတ်လွတ်လပ်လပ် မရှိတော့ဘူး။ စစ်ဆေးရေးဂိတ်ဖြတ်သန်းတဲ့အခါမှာ ဘယ်လို အရစ်ခံရမလဲ။ ဘာတွေက ဒီမှာတင်ဖြေရှင်းလို့မရဘဲ ရုံးရောက်၊ ဂတ်ရောက် ဖြေရှင်းရတာမျိုးတွေ ဒါမျိုးတွေက အခက်အခဲ ကြီးကြီးမားမားဖြစ်လာတာရှိတယ်"
ဒီလို မြန်မာဘက်က သက်တမ်းတိုးလုပ်ငန်းစဥ် ရပ်တန့်နေတာနဲ့ ပတ်သက်ပြီး ဘန်ကောက်နဲ့ ချင်းမိုင်မြို့က မြန်မာ အလုပ်သမားသံအရာရှိရုံးတွေကို ဖုန်းခေါ်ဆိုခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား ၂.၄ သန်းရှိပြီး အဲဒီအထဲက ၁.၂ သန်းသာ နာမည်စာရင်းတင်ထားတယ်လို့ The Nation သတင်းက ဖော်ပြပါတယ်။