မဲဆောက်မှာ တရားမဝင်နိုင်ငံခြားသားတွေကို ဖမ်းဆီးဖို့ ထိုင်းရဲမှူးချုပ် ညွှန်ကြား

RFA Burmese
2025.01.22
မဲဆောက်မှာ တရားမဝင်နိုင်ငံခြားသားတွေကို ဖမ်းဆီးဖို့ ထိုင်းရဲမှူးချုပ် ညွှန်ကြား ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် နယ်စပ်ဂိတ်တွင် မြန်မာနိုင်ငံသားများအား ထိုင်းစစ်သားမှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် စစ်ဆေးနေစဉ်။
MANAN VATSYAYANA / AFP

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်‌မြို့နယ်မှာ တရားမဝင် နေထိုင်နေတဲ့နိုင်ငံခြားသားတွေကို ရှာဖွေဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့မယ်လို့ ထိုင်းရဲမှူးချုပ်က ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ထိုင်းရဲမှူးချုပ် ညွှန်ကြားချက်အရ ထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ရဲတပ်ဖွဲ့က လူစည်ကားရာ စျေးဆိုင်ခန်း၊ တည်းခိုခန်း၊ ဟိုတယ်တွေနဲ့ နိုင်ငံခြားသားအများစုရှိရာ နေရာတွေကို စစ်ဆေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ထိုင်းနယ်စပ် မဲဆောက်မှာ မြန်မာအများစုရွှေ့ပြောင်းနေထိုင်နေတဲ့အတွက် သတိထားကြဖို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“သတိတော့ထားရမှာပါပဲ။ မြန်မာရွှေ့ပြောင်းအလုပ်သမားသုံးသိန်းလောက်နေတဲ့မြို့လေ။ အဲဒီတော့ ဒီလိုမျိုး တစ်နှစ်ကို သုံးခါလောက်ဖြစ်တတ်ပါတယ်။ ဒါမျိုး ကွာလန်းဆိုတာက တရားမဝင်နိုင်ငံခြားသားရှင်းလင်းရေးပေ့ါ။ ထိုင်းလိုကတော့ ကွာလန်းပေါ့။ ရှင်းလင်းရေးပေ့ါ။ ဒါ ထိုင်းဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ ခြောက်လစီမံချက်ဆိုတာနဲ့ တစ်စုံတစ်ရာဆက်စပ်နေတယ်။ ထိုင်းဒုတိယကာကွယ်ရေးဝန်ကြီးပြောခဲ့တာ‌တော့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ဆက်စပ်နေတဲ့သူအကုန်လုံး ထိထိရောက်ရောက်အရေးယူမယ်။ လိုက်ပါမဆောင်ရွက်တဲ့လုံခြုံရေးဝန်ထမ်းတွေကိုလည်း ရာဇသံပေးထားတယ်။ အဲဒီတော့ လုပ်ကြတာပေါ့ ”

၂၀၂၄ နှစ်ကုန်ပိုင်းမှာ ထိုင်း - မြန်မာနယ်စပ်ကို ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး လာရောက်ပြီးနောက် လုံခြုံရေးတိုးမြှင့်လာပြီး နယ်စပ်ဖြတ်ကျော်တာနဲ့ ကျားဖြန့်ဂိုဏ်းတွေကို တားဆီးဖို့ ထိုင်းအာဏာပိုင်တွေ ကြိုးစားလာတာလို့ ဆိုပါတယ်။

တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ရဲမှူးကြီးအပါအဝင် မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက နိုင်ငံခြားသားအက်ဥပဒေနဲ့အညီ တရားဝင်နေထိုင်ခွင့်မရှိသူတွေကို စစ်ဆေးဖော်ထုတ်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ထိုင်းနယ်စပ်မှာ တရားမဝင်နေထိုင်သူတွေများတာကြောင့် ထိုင်းအာဏာပိုင်တွေ အခုလိုစစ်ဆေးဖမ်းဆီးရေးလုပ်ဆောင်လာမှာကို စိုးရိမ်နေတယ်လို့ မဲဆောက်မှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။

အခုလတ်တလော ထိုင်းမြန်မာနယ်စပ်မှာ တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားအတော်များများ လူကုန်ကူးခံရပြီးနောက် အခုလိုနိုင်ငံခြားသားရှင်းလင်းရေး ဖော်ဆောင်လာတာဖြစ်တယ်လို့ မဲဆောက်မှာ နေထိုင်သူတွေက ပြောကြပါတယ်။

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားအတော်များများ မဲဆောက်မြို့မှာ ရွှေ့ပြောင်းခိုလှုံနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။