ငွေလိမ်ဂိုဏ်းကကယ်ထားတဲ့သူတွေကို သက်ဆိုင်ရာနိုင်ငံတွေပြန်ခေါ်ကြဖို့ ထိုင်း ထပ်မံတိုက်တွန်း

RFA Burmese
2025.03.06
ငွေလိမ်ဂိုဏ်းကကယ်ထားတဲ့သူတွေကို သက်ဆိုင်ရာနိုင်ငံတွေပြန်ခေါ်ကြဖို့ ထိုင်း ထပ်မံတိုက်တွန်း ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် ကရင်နယ်ခြားစောင့်တပ် (BGF) မှ ဖမ်းဆီးထိန်းသိမ်းထားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူများအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

ထိုင်းမြန်မာနယ်စပ် ငွေလိမ်လုပ်ငန်းတွေကနေ လွတ်မြောက်လာပြီး ကရင်နယ်ခြားစောင့်တပ် (BGF) က ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသား ၇၀၀၀ ကျော်ထဲက တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရရဲ့ အစီအစဉ်နဲ့ ပြန်ခေါ်နေရာမှာ၊ မတ်လ ၆ ရက်က ဒုတိယအသုတ်အဖြစ် ထိုင်းနိုင်ငံ မဲဆောက်မြို့ လေဆိပ်ကနေ ပြန်ပို့ခဲ့တဲ့အကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

တရုတ်အစိုးရဟာ ဒီငွေလိမ်လုပ်ငန်းတွေက လွတ်မြောက်လာသူတွေထဲက တရုတ်နိုင်ငံသား ၁၄၃၉ ယောက်ကို မတ်လ ၆ ရက်ကနေ ၉ ရက်အတွင်းမှာ လေယာဉ် ၁၉ စီးနဲ့ တရုတ်နိုင်ငံကို ပြန်လည်ခေါ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းမှာ ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံဘက်ကို ဘတ်စ်ကားတွေနဲ့ လွှဲပြောင်းပေးပို့ပြီး၊ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနကနေ ဘယ်သူဘယ်ဝါဖြစ်ကြောင်း စစ်ဆေးပြီးတဲ့ နောက်မှာ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့ဖို့ စီစဉ်တာဖြစ်တဲ့အကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အခုအချိန်မှာ တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေက ထိုင်းအာဏာပိုင်တွေရဲ့ အကူအညီနဲ့ ပြန်ခေါ်နေပေမဲ့အခြားနိုင်ငံတွေက ထောင်နဲ့ချီတဲ့နိုင်ငံသားတွေ ကျန်နေဆဲဖြစ်ပြီး ထိုင်းနိုင်ငံမှာ သံရုံးမရှိတဲ့ အာဖရိကနိုင်ငံတွေက နိုင်ငံသားတွေအများဆုံး ကျန်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။


ဆက်နွှယ်သောသတင်းများ

ငွေလိမ်ဂိုဏ်းတွေကနေ နိုင်ငံခြားသား ခြောက်ထောင်ကျော် ထိန်းသိမ်းထားကြောင်း BGF ပြော

ငွေလိမ်လုပ်ငန်းက တရုတ်နိုင်ငံသား ၄၅၆ ကို BGF က ထိုင်းကိုလွှဲပေး

ငွေလိမ်ဂိုဏ်းက နိုင်ငံခြားသားတွေကို အမြန်ဆုံးပြန်ခေါ်ဖို့ သက်ဆိုင်ရာနိုင်ငံတွေကို ထိုင်းတိုက်တွန်း


ဒါကြောင့် သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ခေါ်ကြဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နီကွန်းဒက် ဘာလန်ကူရာ က မတ်လ ၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီရဖို့ ကြိုးစားနေတဲ့အချိန်မှာ သက်ဆိုင်ရာအစိုးရတွေကလည်း ကိုယ့်နိုင်ငံသားတွေကိုယ် ပြန်ခေါ်ဖို့ တိုက်တွန်းပါတယ်။ ဥပမာအနေနဲ့ ထိုင်းနိုင်ငံကိုကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာရွှေ့ပြောင်းသွားလာမှုကူညီရေးအဖွဲ့ IOM လိုမျိုးရဲ့ အကူအညီရဖို့ပါ။ ကျွန်တော့်အနေနဲ့ ဒီလောက်ပဲ သိထားပါတယ်။ နေရပ်ပြန်ပို့တဲ့ ကုန်ကျစရိတ်တွေနဲ့ပတ်သက်လို့ ဘယ်သူ့ဘက်က ဘယ်လောက် အကုန်အကျခံမယ် ဆိုတာမျိုး ပြောထားတာမရှိသေးပါဘူး။ ကျွန်တော်တို့ ဘက်မှာ အကန့်အသတ်ရှိနေပေမဲ့ လုပ်နိုင်သလောက် အကောင်းဆုံးကြိုးစားပေးသွားမယ်လို့ အာမခံပါတယ်။ အခုအချိန်မှာ လူတော်တော်များများကလည်း နယ်စပ်ကို ဖြတ်ပြီး ထိုင်းဘက်ကို ဝင်လာနေပါတယ်”

“မြဝတီမှာထိန်းသိမ်းထားတဲ့နိုင်ငံခြားသားတွေထဲမှာ နေထိုင်မကောင်းဖြစ်နေတဲ့ သူတွေလည်း ရှိနေတယ်ဆိုတာ ကျွန်တော်တို့သိထားပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာန ကိုယ်စားလှယ်တွေက အရေးတကြီး ဆောင်ရွက်နေပါတယ်။ ဆေးကုဖို့လိုတဲ့သူတွေကို ထိုင်းနိုင်ငံဘက်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး လွှဲပေးဖို့လိုအပ်ပါတယ်။ သူတို့ကို ဆေးကုပေးနိုင်ဖို့လည်း ဆောင်ရွက်နေပါတယ်”

အွန်လိုင်းငွေကြေးလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယဖြင့် မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံမှတစ်ဆင့် လွှဲပြောင်းပို့ဆောင်လိုက်သည့် တရုတ်နိုင်ငံသားများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တရုတ်နိုင်ငံ ကျန်းစုပြည်နယ်ရှိ နန်ကျင်းလေဆိပ်တွင် တွေ့ရစဉ်။ (Photo :  Ji Chunpeng/Xinhua via AP)
အွန်လိုင်းငွေကြေးလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယဖြင့် မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံမှတစ်ဆင့် လွှဲပြောင်းပို့ဆောင်လိုက်သည့် တရုတ်နိုင်ငံသားများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တရုတ်နိုင်ငံ ကျန်းစုပြည်နယ်ရှိ နန်ကျင်းလေဆိပ်တွင် တွေ့ရစဉ်။ (Photo : Ji Chunpeng/Xinhua via AP)

ငွေလိမ်လုပ်ငန်းတွေက လွတ်မြောက်လာကြတဲ့ နိုင်ငံခြားသား ၇၀၀၀ ကျော်ထဲက အများစုဟာ နယ်ခြားစောင့်တပ် (BGF) နဲ့ DKBA ထိန်းချုပ်နယ်မြေတွေအတွင်းက စခန်းတွေမှာ ဖြစ်သလို နေထိုင်နေရပြီး ထိုင်းနိုင်ငံဘက်ကို လွှဲပြောင်းခွင့်ရဖို့ စောင့်နေကြရတယ်လို့ ဖေဖော်ဝါရီလ ၂၇ ရက်က The New York Times ဆောင်းပါးမှာ ဖော်ပြပါတယ်။

သူတို့ကို ထိန်းသိမ်းထားတဲ့စခန်းထဲမှာ အစားအသောက်အလုံအလောက်မရှိဘဲ အိမ်သာနှစ်ခန်းကို လူ ၄၀၀ လောက် ဝိုင်းသုံးနေရတဲ့အကြောင်း၊ ကူးစက်ရောဂါတွေလည်း ဖြစ်ပွားနေပြီး အကျပ်အတည်း အသွင် ဖြစ်လာမှာကို စိုးရိမ်ရတဲ့အကြောင်း လူကုန်ကူးခံရသူတွေကို အကူအညီပေးနေတဲ့ Acts of Mercy International အဖွဲ့က အရှေ့တောင်အာရှဒေသ ညွှန်ကြားရေးမှူး အေမီ မေလာက The New York Times ကို ပြောပါတယ်။

(ရိုက်တာ သတင်းဌာန၏ သတင်းဆောင်းပါးအား ရဲခေါင်မြင့်မောင် ဘာသာပြန်ဆိုတင်ပြသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။