ငွေလိမ်လုပ်ငန်းက တရုတ်နိုင်ငံသား ၄၅၆ ဦးကို BGF က ထိုင်းကိုလွှဲပေး

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်က တရုတ်လုပ်ငန်းရှင်တွေနဲ့ လည်ပတ်တဲ့ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၄၅၆ ဦးကို ဒုတိယအသုတ်အနေနဲ့ ထိုင်းအာဏာပိုင်ဘက်ကို ပြန်လွှဲပြောင်းပေးတယ်လို့ BGF သတင်းပြန်ကြားရေး တာဝန်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က မတ် ၆ ရက်မှာ ပြောပါတယ်။
“အခုက ကျွန်တော်တို့ဆီမှာ ထိန်းသိမ်းထားတာ။ နိုင်ငံ ၂၉ နိုင်ငံက လူ ခုနစ်ထောင်ကျော်ရှိတယ်။ အဲဒီကနေ ထိုင်းဘက်ကို လူ ၇၅၇ ဦး လွှဲပြီးသွားပြီ။ အခု ၆ ရက်နေ့မှာ ထိုင်းကနေတစ်ဆင့် တရုတ် ၄၅၆ ဦး လွှဲမယ်။ ပြီးရင် နောက်ရက် ၇ ရက်၊ ၈ ရက်၊ ၉ ရက်တွေမှာ အားလုံးလွှဲမဲ့လူ လေးရက်ပေါင်းရင် ၁၄၃၉ ဦး လွှဲမယ်။ လေယာဥ် ၁၉ ခေါက် ရှိမယ်ဗျ”
အဲဒီ တရုတ်နိုင်ငံသားတွေကို မြဝတီမြို့ အားကစားရုံ၊ BGF ကွပ်ကဲရေးရုံးနဲ့ ရွှေကုက္ကို ရထိုက် တရုတ်ကုမ္ပဏီရုံးတွေကနေ BGF တပ်ဖွဲ့နဲ့ စစ်ကောင်စီဌာနဆိုင်ရာ တာဝန်ရှိသူတွေ စစ်ဆေးပြီး မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားအမှတ် - ၂ ကနေတစ်ဆင့် ထိုင်းအာဏာပိုင်တွေဘက်ကို လွှဲပြောင်းပေးခဲ့တာပါ။
ဒါ့အပြင် ကျန်ရှိနေတဲ့ နိုင်ငံစုံက နိုင်ငံခြားသား ငါးထောင်ခန့်ကိုလည်း သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ သံရုံးတွေကတစ်ဆင့် ဆက်သွယ်ခေါ်ယူဖို့လည်း ပန်ကြားချက်ထုတ်ပြန်ထားပြီး BGF အနေနဲ့ သက်ဆိုင်ရာသံရုံးတွေ၊ စစ်ကောင်စီဌာနဆိုင်ရာ အကြီးအကဲတွေ၊ ထိုင်းအာဏာပိုင်၊ တရုတ်နိုင်ငံတာဝန်ရှိသူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။