ငွေလိမ်ဂိုဏ်းက နိုင်ငံခြားသားတွေကို အမြန်ဆုံးပြန်ခေါ်ဖို့ သက်ဆိုင်ရာနိုင်ငံတွေကို ထိုင်းတိုက်တွန်း
2025.02.25

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားသား အယောက် ခုနစ်ထောင်နီးပါးကို အမြန်ဆုံးပြန်ခေါ်ကြဖို့ သက်ဆိုင်ရာနိုင်ငံအစိုးရတွေကို ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝဲချ ရာချိုင် (Phumtham Wechayachai) က တိုက်တွန်းလိုက်ပါတယ်။
ထိန်းသိမ်းလို့မရတဲ့ အခြေအနေတွေ မဖြစ်ခင်မှာ အမြန်ဆုံးဆောင်ရွက်ဖို့လိုအပ်ပြီး သက်ဆိုင်ရာအစိုးရတွေနဲ့ အမြန်ဆုံးဆက်သွယ်ဖို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ညွှန်ကြားထားကြောင်း The Nation သတင်းမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဖော်ပြပါတယ်။
မြဝတီမြို့နယ်ထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ကရင်နယ်ခြားစောင့်တပ် (BGF)က ဝင်ရောက်စီးနင်း ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသား ၆၅၀၀ လောက်ရှိနေပြီး၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ကလည်း သူတို့ ထိန်းချုပ်နယ်မြေထဲမှာ နိုင်ငံခြားသား ၄ဝ၁ ဦးကို ထိန်းသိမ်းထားတယ်လို့ သတင်းတွေထွက်လာအပြီးမှာ ထိုင်းကာကွယ်ရေးဝန်ကြီးက အခုလို ပြောဆိုခဲ့တာဖြစ်ကြောင်း သတင်းမှာ ပါရှိပါတယ်။
ဒီအဖွဲ့တွေအနေနဲ့ နိုင်ငံခြားသားတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အခက်အခဲရှိလာနိုင်တာကြောင့် အားလုံးကို တစ်ပြိုင်တည်း လွှတ်ပေးလိုက်မဲ့ အခြေအနေကို ရောက်လာနိုင်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက သတိပေးပါတယ်။
ဒီလိုအခြေအနေမှာ နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံထဲကို လမ်းကြောင်းအမျိုးမျိုးကနေ ဝင်ရောက်လာနိုင်တာကြောင့် လုံခြုံရေးဆိုင်ရာပြဿနာတွေ ဖြစ်လာနိုင်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက ထောက်ပြပါတယ်။
ဒါ့အပြင် နိုင်ငံအသီးသီးက အစိုးရတွေအနေနဲ့ ဒီလူတွေကို ပြန်ခေါ်ဖို့ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံဘက်က ပြန်လက်ခံဖို့ အာမခံချက်မရှိသူတွေကို နိုင်ငံထဲ ဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
တရုတ်အစိုးရကတော့ ငွေလိမ်ဂိုဏ်းတွေကနေ ကယ်တင်ထားတဲ့ တရုတ်နိုင်ငံသား ၆ဝဝ ကျော်ကို နေရပ်ပြန်ခေါ်သွားပြီဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
မကြာခင်မှာ မြန်မာ၊ ထိုင်းနဲ့ တရုတ်သုံးနိုင်ငံ ဆွေးနွေးပွဲကျင်းပဖို့ ရှိနေပြီး ကျန်နေသေးတဲ့ တရုတ်နိုင်ငံသားတွေကို ခေါ်ယူရေး ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။