ကျားဖြန့်လုပ်ငန်းတွေက အင်ဒိုနီးရှား ၈၀ ကျော်ကို ပြန်ပို့
2025.02.27

ကရင်ပြည်နယ် မြဝတီမြို့နယ်က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)တွေမှာ ခိုင်းစေခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦးကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကနေ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတာဝန်ရှိသူတွေထံ မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၂) ကနေ လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူတွေကို ပြတ်ပြတ်သားသား ဖော်ထုတ်ပြီး မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံနဲ့ ဖော်ထုတ်အရေးယူနေတယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း အင်ဒိုနီးရှားလူမျိုး ၄၆ ဦးဟာ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံတကာလေဆိပ်ကို ပြန်လည်ရောက်ရှိလာပြီး အဲဒီထဲက နှစ်ယောက်ရဲ့ ခြေထောက်မှာ သေနတ်ဒဏ်ရာတွေတွေ့ရှိရတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြောင်း အင်ဒိုနီးရှားအခြေစိုက် အန်တာရာ (Antara) သတင်းက ဖေဖော်ဝါရီ ၂၁ ရက်က ဖော်ပြပါတယ်။
မြဝတီမြို့တွင်းနဲ့ KK park၊ AA Park၊ ဧကတစ်ရာက တရုတ်လုပ်ငန်းတွေကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ နိုင်ငံ နှစ်ဆယ့်ရှစ်နိုင်ငံက လူပေါင်း ခုနစ်ထောင်ကျော် (၇၁၄၁ ဦး) ကို တွေ့ရှိခဲ့တာလို့ ဒုတိယ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။
တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂါန်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇတ်စတန်နဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေ ပါဝင်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဒေသတွင်း ငွေလိမ်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတွေကို အဓိက အားပေးကူညီနေသူဖြစ်ပြီး ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့ ဆက်စပ်တဲ့ ရာဇဝတ် လုပ်ငန်းကြီးတွေကိုပါ လက်သပ်မွေးထားတယ်လို့ Justice for Myanmar (JFM) က ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
လူကုန်ကူးမှုတွေမှာ BGF ခေါင်းဆောင်တွေ လုံးဝပါဝင်ပတ်သက်မှုမရှိကြောင်း BGF အဖွဲ့က ငြင်းဆိုထားပါတယ်။