ငွေလိမ်ဂိုဏ်းတွေကနေ နိုင်ငံခြားသား ခြောက်ထောင်ကျော် ထိန်းသိမ်းထားကြောင်း BGF ပြော

RFA Burmese
2025.02.25
ငွေလိမ်ဂိုဏ်းတွေကနေ နိုင်ငံခြားသား ခြောက်ထောင်ကျော် ထိန်းသိမ်းထားကြောင်း BGF ပြော ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူများအား တွေ့ရစဉ်။
Citizen Photo

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက ငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေကနေ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံခြားသား ခြောက်ထောင်ကျော်ကို ထိန်းသိမ်းထားတယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) က ဖေဖော်ဝါရီလ ၂၅ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

အဲဒီ နိုင်ငံခြားသား ခြောက်ထောင်ကျော်ထဲက နှစ်ထောင်ကျော်ရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို ကောက်ယူနိုင်ထားပြီး သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့ဖို့စီစဉ်နေတယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ရုံးကို တရားဝင်စာရင်းရောက်တာ စစ်ဆေးပြီးတာက ၂၄၃၆ ဦးပါ။ ဌာနဆိုင်ရာက စာရင်းကောက်ပြီး စာရင်းပါ။ ဖမ်းမိထားတာ ခြောက်ထောင်ကျော်ရှိတယ်။ ကျွန်တော်တို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုက ထားစရာနေရာ အခက်အခဲပေါ့။ သက်ဆိုင်ရာ နိုင်ငံတွေက ပြန်မခေါ်သေးတော့ နေစရာတော်တော် ဒုက္ခရောက်နေတယ်"

ဒါ့အပြင် မြဝတီမြို့ပေါ်က မိုးလုံလေလုံ ဘောလုံးကွင်းနဲ့ မြဝတီ စည်းကမ်းထိန်းသိမ်းရေးရုံးတို့မှာ ထိန်းသိမ်းထားသူတွေကို အမြန်ဆုံး ပြန်လည်လွှဲပြောင်းဖို့ ပြင်ဆင်နေပြီး ကျန်ရှိနေသေးသူတွေကိုလည်း ရှာဖွေဖမ်းဆီးနေတယ်လို့ သူက ဆိုပါတယ်။

လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ BGF အနေနဲ့ တရုတ်ဖိအားကြောင့်သာ ကျားဖြန့်နှိမ်နင်းရေးတွေကို ထဲထဲဝင်ဝင် လုပ်ဆောင်နေတာလို့ RFA ကို ပြောပါတယ်။

"စဉ်းစားကြည့်ဗျာ။ သူတို့ နယ်မြေထဲ လူပေါင်းသောင်းနဲ့ချီ ဝင်နေတာ။ မသိပါဘူးဆိုတာ ဖြစ်နိုင်မလား။ အခု တရုတ်ကြီး ဖိအားကြောင့်သာ ဒီလိုတွေ ထလုပ်ပြနေတာ။ ဘယ်လောက်အခြေအနေအထိ လုပ်ပြမလဲဆိုတာ စောင့်ကြည့်ရမှာပဲ။ သူတို့ ဝင်ငွေရပေါက်ကို သူတို့လက်နဲ့ ပြန်ဖျက်ဆီးနေရတော့ ဒါကိုရေရှည်သွားနိုင်မလားဆိုတာ ကြည့်ရမှာပဲဗျ"

ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ ဒုခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးဖို့ လုပ်ငန်းစဉ်တွေကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေး ထိုင်းအစိုးရကို တွန်တိုက်ကြောင်း မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ကိုင်နေသူတွေကို ဖော်ထုတ်နေတဲ့ Justice for Myanmar (JFM) က ဖေဖော်ဝါရီလ ၂၅ ရက် ဒီနေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဒီတောင်းဆိုမှုအပေါ် BGF အနေနဲ့ တစ်စုံတစ်ရာ တုံ့ပြန်စရာမရှိကြောင်းနဲ့ ငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်မှုပတ်သက်မှု မရှိကြောင်း BGF ရဲ့ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။