AAC ရုံး ဖျက်သိမ်းတဲ့အတွက် ထိုင်းရောက် အလုပ်သမားတွေ အခက်အခဲကြုံနေရ

ယဥ်မျိုးသူ
2025.02.21
AAC ရုံး ဖျက်သိမ်းတဲ့အတွက် ထိုင်းရောက် အလုပ်သမားတွေ အခက်အခဲကြုံနေရ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကူညီနေသည့် AAC မဟာမိတ်အဖွဲ့ရုံးအား ထိုင်းအာဏာပိုင်များက ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ချိပ်ပိတ်နေစဉ်။
Hla Khaing/ Facebook

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ အလုပ်အကိုင်နဲ့ နေစရာအခက်အခဲတွေကို တစ်ဖက်တစ်လမ်းက အကူအညီပေးနေတဲ့ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့က “လက်တွဲကူညီ AAC မဟာ မိတ်” အဖွဲ့ရုံးခန်းကို ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး AAC ဟာ ထိုင်းအစိုးရထံမှာ တရားဝင်မှတ်ပုံတင်ထားတာမဟုတ်တဲ့အတွက် အပြီးဖျက်သိမ်းဖို့ ညွှန်ကြားခဲ့တယ်လို့ AAC ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကြီးက RFA ကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စပြီး ရက် ၆၀ (နှစ်လ)အတွင်း ဖျက်သိမ်းဖို့နဲ့ မဖျက်သိမ်းသေးသရွေ့ တစ်ရက်ကို ဒဏ်ငွေ ဘတ်တစ်သောင်း ပေးဆောင်ရမယ်လို့လည်း ဆိုပါတယ်။

“ခိုကိုးရာမဲ့တာပေါ့။ ခြေလက်အင်္ဂါမသန်စွမ်းတာတွေ၊ ခါးတစ်ပိုင်းသေနေတာတွေ သူတို့တွေကို လမ်းဘေးမှာလည်း သွားပစ်ထားလို့မရဘူး"

လက်ရှိမှာ မြန်မာရွှေ့ပြောင်းလုပ်သမား ၁၀၄ ယောက် AAC ရုံးမှာ ခိုလှုံနေကြပါတယ်။ သူတို့တွေဟာ အလုပ်ရှင်ဆီက လုပ်ခလစာမရတဲ့သူတွေ၊ အလုပ်ရှင် အလုပ်သမား အငြင်းပွားပြဿနာ ကြုံနေရသူတွေ၊ MOU စနစ်နဲ့ ရောက်လာပြီး အလုပ်မရဘဲ နေထိုင်ရေး အခက်အခဲရှိနေသူတွေနဲ့ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရပြီး နစ်နာကြေး မရတဲ့သူတွေ ဖြစ်တဲ့အပြင် သက်ကြီးရွယ်အိုတချို့လည်း ပါဝင်ပါတယ်။

သူတို့ကို AAC က နေစရာစားစရာ ထောက်ပံ့ကူညီပေးနေတာဖြစ်ပြီး ခုလို ရုတ်တရက် ဖျက်သိမ်းခိုင်းတဲ့အတွက် ဒီအလုပ်သမားတွေရဲ့ အခြေအနေတွေ ပိုပြီးဆိုးရွားသွားမှာ စိုးရိမ်တယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

“ခိုကိုးရာမဲ့တာပေါ့။ ခြေလက်အင်္ဂါမသန်စွမ်းတာတွေ၊ ခါးတစ်ပိုင်းသေနေတာတွေ သူတို့တွေကို လမ်းဘေးမှာလည်း သွားပစ်ထားလို့မရဘူး။ ထိုင်းအစိုးရအာဏာပိုင်တွေက ဒါတွေကိုလုပ်ပါဆိုလည်း မလုပ်နိုင်ဘူး။ မြန်မာသံရုံးက ဒါတွေကိုကူညီပါဆိုလည်း ခေတ်ကာလကြီးအရ သူတို့က လုပ်နိုင်မှာမဟုတ်ဘူး။ အဲတော့ ကျွန်တော်က စိတ်မကောင်းရုံကလွဲလို့ပေါ့နော် ကျွန်တော်ပြန်ရပ်တည်ဖို့ကိစ္စ စဉ်းစားလို့မရဘူး”

ထိုင်းအာဏာပိုင်တွေက ရုံးမှာခိုလှုံနေတဲ့ မြန်မာလုပ်သား ၁၀၀ ကျော်ရဲ့ အထောက်အထားတွေကိုလည်း စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။

ဒီထဲက အထောက်အထားရှိပေမဲ့ နေရပ်လိပ်စာပြောင်းတာကို အကြောင်းမကြားထားတဲ့သူတွေရဲ့ ပတ်စပို့စ်နဲ့ နေထိုင်ခွင့်လက်မှတ်တွေ ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းသွားခဲ့ပြီး ကျန်းမာရေးမကောင်းသူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်လက်အင်္ဂါချို့ယွင်းသူတွေကလွဲလို့ အလုပ်သမား ၅၀ ကျော်ကို တစ်ယောက် ဘတ် ၄၀၀၀ စီနဲ့ AAC ရုံးက ဝန်ထမ်းတွေကို တစ်ယောက်ကို ဘတ် ၁၆၀၀ စီ ပေးဆောင်ရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။

“အလုပ်ရှင်ဆီက လုပ်ခလစာအပြည့် မရှင်းပေးတာတွေကြောင့် AAC ရုံးမှာ လာနေနေရတာ။ အခု အပြီးဖျက်သိမ်းရမယ်ဆိုတော့ အလုပ်သမားတွေအတွက် အကူအညီပေးမယ့်သူ မရှိတော့သလို ဖြစ်သွားတယ်"

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းမှာ AAC နဲ့ ထိုင်းအာဏာပိုင်တွေ ညှိနှိုင်းတဲ့နောက် ပတ်စပို့စ်နဲ့ နေထိုင်ခွင့်လက်မှတ်ပြန်ရဖို့ အလုပ်သမားတွေက တစ်ဦး ဘတ် ၁၆၀၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာလည်း ထိုင်းအာဏာပိုင်တွေနဲ့ သက်ဆိုင်ရာနယ်မြေ အုပ်ချုပ်ရေးမှူးတွေက AAC မဟာမိတ်အဖွဲ့ရုံးကို ထပ်မံရောက်ရှိလာပြီးတော့ ရုံးကို အပြီးတိုင်ဖျက်သိမ်းဖို့ ထပ်မံပြောဆိုခဲ့တယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

“ကျွန်တော်တို့ရုံးမှာ စာတွေဘာတွေ လာကပ်ထားပြီးတော့ ရုံးကိုပိတ်သိမ်းဖို့အတွက် ဒီအဆောက်အဦးကို ဖြိုပေးဖို့အတွက် စာလာကပ်တာပေါ့။ အဲတော့ အစိုးရကလည်း မြန်မာပြည်မှာ အခုလို ကစဥ့်ကလျားတွေ ဖြစ်နေတယ်ဆိုတော့ ဘယ်အစိုးရက ကျွန်တော်တို့ကို ကူညီမလဲပေါ့။ ကျွန်တော်တို့ မေးခွန်းထုတ်စရာပဲ ရှိတယ်။ ဒီဘက်မှာ NUG အစိုးရရှိတယ်။ ဟိုဘက်မှာ စစ်အာဏာရှင်ကလည်း သူတို့လက်ရှိ အစိုးရလို့ သူတို့ကိုယ် သူတို့ပြောနေတယ်။ ဒီအစိုးရနှစ်ခုကြားမှာ ကျွန်တော်တို့ကို ဘယ်သူက စောင့်ရှောက်မှာလဲ”


ဆက်နွှယ်သောသတင်းများ

မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ AAC ရုံးကို ထိုင်းအစိုးရ ချိပ်ပိတ်

AAC အဖွဲ့က ဦးရဲမင်းကို NUG အစိုးရက ထိုင်းနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေး တာဝန်ခံခန့်အပ်

ဖျက်သိမ်းထားတဲ့ AAC အဖွဲ့ကို ပြန်ထူထောင်ပေးဖို့ တောင်းဆို


အဲဒီနေ့မှာပဲ အလုပ်သမား ၃၁ ယောက်က သူတို့ရဲ့အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့က မြန်မာသံရုံးကို သွားရောက်အကူအညီတောင်းခံခဲ့ပါတယ်။ သံရုံးက အလုပ်ပြန်ရအောင် ကူညီမယ့်အကြောင်း ပြောခဲ့တယ်လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

“တရားဝင် MOU စနစ်တဲ့ တရားဝင်လာတာပါပဲ။ အလုပ်ရှင်ဆီက လုပ်ခလစာအပြည့် မရှင်းပေးတာတွေကြောင့် AAC ရုံးမှာ လာနေနေရတာ။ အခု အပြီးဖျက်သိမ်းရမယ်ဆိုတော့ ကျွန်မတို့အလုပ်သမားတွေအတွက် အကူအညီပေးမယ့်သူ မရှိတော့သလို ဖြစ်သွားတယ်။ ဒီနေ့ (ဖေဖော်ဝါရီလ ၂၀) သံရုံးကို အကူအညီသွား တောင်းတာတော့ ဘတ် ၁၆၀၀ ပြန်စိုက်ပေးမယ်ဆိုတာ ပြောတယ်။ အလုပ်ရှင်ကလည်း အလုပ်ပြန်ခန့် ပေးမယ်ပြောတယ်။ ဒါပေမဲ့ နောက်ပိုင်း အကူအညီတစ်ခုခုလိုလာတဲ့အခါ ဒီထပ်ပိုပြီးခက်ခဲတော့မှာပေါ့”

AAC ရုံးမှာ ခိုလှုံနေကြသူတွေထဲမှာ MOU စနစ်နဲ့ ရွှေယုလွင်၊ ငွေပြည်ကြီး၊ ထူးသစ်ဇေ စတဲ့ ကုမ္ပဏီတွေကတစ်ဆင့် ရောက်လာကြသူတွေ ပါဝင်ပါတယ်။ အလုပ်ရှင်က အလုပ်ပြန်ခန့်ပေးမယ်လို့ ပြောဆိုပေမဲ့ လတ်တလော သူတို့ နေစရာစားစရာ အခက်အခဲဖြစ်နေရတယ်လို့ အလုပ်သမားတွေက ပြောကြပါတယ်။

AAC ရုံးကို ဖျက်သိမ်းခိုင်းတာ ဒါ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ထိုင်းအာဏာပိုင်တွေက ဘူဒိုဇာနဲ့ လာရောက်ဖျက်ဆီးပြီး ပိတ်သိမ်းခိုင်းခဲ့ပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့ ဘန်ကောက်မြို့ မြန်မာသံရုံး သံအရာရှိက ဖြေရှင်းပေးခဲ့တာကြောင့် ပြေလည်ခဲ့ပါတယ်။

AAC မဟာမိတ်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်ကစလို့ အလုပ်သမားအရေးတွေကို ကူညီဆောင်ရွက်နေပြီး နှစ်စဉ် မြန်မာအလုပ်သမား နှစ်ထောင်ကျော်ခန့်ကိုလည်း လက်ခံကူညီစောင့်ရှောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။