AAC အဖွဲ့က ဦးရဲမင်းကို NUGအစိုးရက ထိုင်းနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေး တာဝန်ခံခန့်အပ်

2021.05.14
AAC အဖွဲ့က ဦးရဲမင်းကို NUGအစိုးရက ထိုင်းနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေး တာဝန်ခံခန့်အပ် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ AAC မဟာမိတ်အဖွဲ့က အထွေထွေတာဝန်ခံ ဦးရဲမင်း။
Photo: Citizen Journalist

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ AAC မဟာမိတ်အဖွဲ့က အထွေထွေတာဝန်ခံ ဦးရဲမင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာနက ထိုင်းနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံအဖြစ် ခန့်အပ်လိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လက်မှတ်နဲ့ မေလ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့စာမှာ စစ်အာဏာရှင်ရဲ့ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေကြောင့် နေရပ်စွန့်ခွာ ဒုက္ခရောက်နေရသော စစ်ဘေးရှောင် ညီအစ်ကို၊ မောင်နှမပြည်သူ ပြည်သားများအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေရဲ့ ချွေးနည်းစာနဲ့ လှူဒါန်းထားတဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို လိုအပ်တဲ့နေရာတွေမှာ ထိရောက်မြန်ဆန်စွာ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ဖို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ(AAC) အထွေထွေတာဝန်ခံ ဦးရဲမင်းနဲ့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးမှာ စားနပ်ရိက္ခာတွေ ပြတ်လတ်နေတဲ့ နေရာတွေ အကူအညီလိုအပ်နေတဲ့ နေရာတွေမှာ၊ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေ ထောက်ပံ့သွားဖို့ တာဝန်ယူသွားမှာ ဖြစ်လို့ ဂုဏ်ယူတယ်လို့ ဦးရဲမင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ထိုင်းရောက် မြန်မာအလုပ်သမားတွေနဲ့ AAC က NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အခြား ဌာန ၅ ခုကို ထိုင်းဘတ်ငွေ ၂ သန်းလှူဒါန်းခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU)ကိုလည်း ဘတ်ငွေ ၁ သန်းလှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းရောက် မြန်မာနိုင်ငံသားတွေရဲ့ လှူဒါန်းငွေတွေနဲ့ စားနပ်ရိက္ခာ အပါအဝင် လူသုံးကုန်ပစ္စည်းတွေကို KNU၊ ကရင်စစ်ပြေးဒုက္ခသည်တွေ လှူဒါန်းခဲ့သလို NUG အစိုးရကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဘတ်ငွေသုံးသိန်းနီးပါးရှိတဲ့ ရိက္ခာနဲ့ လူသုံးကုန်ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

ဦးရဲမင်းဟာ ထိုင်းနယ်စပ် မြဝတီမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်တွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီးနောက် စစ်ကောင်စီက စစ်ဆေးတာတွေ ပြုလုပ်လာတာကြောင့် လွတ်မြောက်နယ်မြေမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ပုဒ်မ ၅၀၅(ခ)နဲ့ ဝရမ်းထုတ်ခံထားရသူလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။