လုံခြုံရေးတင်းကျပ်မှုကြောင့် ဖားကန့်ဒေသခံတွေ အခက်တွေ့

RFA Burmese
2023.02.07
လုံခြုံရေးတင်းကျပ်မှုကြောင့် ဖားကန့်ဒေသခံတွေ အခက်တွေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကချင်ပြည်နယ် ဖားကန့်မြို့မှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်က လုံခြုံရေး ပိုမိုတင်းကျပ်လာတာကြောင့် ဒေသခံတွေအတွက် သွားလာရေးမှာ အခက်အခဲရှိလာသလို စိုးရိမ်ပူပန်မှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးဂိတ်တွေ တိုးချဲ့ချထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးတာတွေရှိနေတဲ့အတွက် အခက်ကြုံနေရတာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဖားကန့်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"အပြင်ထွက်ရတာ မလုံခြုံတော့ဘူး။ သူတို့နဲ့တွေ့မှာကို စိုးရိမ်နေကြတာ။ အကုန်လုံးက သူတို့ဆီတွေ့သွားရင် ရိုက်နှက်တာတို့၊ သိမ်းတာဆည်းတာတို့ အကုန်လုပ်တာ”

“ကျနော်တို့က ဒီဘက်မှာဆိုရင် ညဘက်တွေမှာ လုပ်စားရ ခက်လာတယ်ဗျ။ ညရောက် ပြီဆို ကြောက်လှန့်ပြီး ၈ နာရီ ၉ နာရီဆိုရင် လူကိုမရှိတော့ဘူး။ ၇ နာရီဆိုရင်ကို လူတော်တော်တိတ်သွားပြီ။ ကျောက်သွားပြတဲ့သူတွေလည်း စောစောပြန်ပြီးတော့ ဆိုင်းတောင်ကနေ လုံးခင်ဆို ဝေးတယ်။ တော်တော်စောစောသွားပြတယ်။ အုပ်စုလို က် သွားပြီးတော့။ ခါတိုင်းဆိုရင် ၈ နာရီ ၉ နာရီလောက်မှ ပြန်လာကြတာ။ အခုရက်ပိုင်းက စောစောပြန်လာကြတာ။ နည်းနည်း ၇ နာရီလောက်ဆို ပြန်လာကုန်ကြပြီ။ လမ်းမှာ လည်း အန္တရာယ်များတယ်လေ။ ပြီးရင် ဒီဘက်မှာ ညညဆိုလည်း စစ်ကြောင်းထိုး တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာတော့ လူတွေလည်း နည်းနည်းတော့ စိုးရိမ်ထိတ်လန့်နေကြတာပေါ့”

စစ်ကောင်စီတပ်သားတွေဟာ မသင်္ကာတဲ့နေအိမ်တွေကို ဝင်ရောက်စစ်ဆေးတာအပြင် ကေတီဗီတွေကိုလည်း ရှောင်တခင် စစ်ဆေးဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့မှာ စစ်ကောင်စီက ည ၉ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာအပြင် နေ့ဘက်မှာလည်း လုံခြုံရေးတင်းကျပ်ထားတာကြောင့် နေ့ရော ညပါ ကျောက်ရှာဖွေကြတဲ့ ရေမဆေးသမားတွေအတွက်လည်း အခက်အခဲပိုကြုံကြ ရတယ်လို့ အမည်မဖော်လိုတဲ့ ရေမဆေးသမားတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ အခြေအနေက ကြောက်ရွံ့ကြောက်ရွံ့နေရတာ ဘယ်လိုမှ အဆင်မပြေဘူး။ ညဘက်လည်း ကျောက်ဝိုင်းတွေ သွားတိုက်စားရင်တောင် မလွယ်ဘူး။ အပြန်မှာ သွားလို့ လာလို့လည်း မရဘူး။ အချိန် ကန့်သတ်ထားတာ။ အရင်တုန်းက ဒီလောက် မဆိုးဘူး။ အခုဆို ခိုးဝှက်လုယူတဲ့ သူတွေကလည်း များတယ်။ တစ်ယောက်တည်းလည်း မသွားရဲတော့ဘူး။ အပြင်ထွက်ရတာ မလုံခြုံတော့ဘူး။ သူတို့နဲ့တွေ့မှာကို စိုးရိမ်နေ ကြတာ။ အကုန်လုံးက သူတို့ဆီတွေ့သွားရင် ရိုက်နှက်တာတို့ သိမ်းတာဆည်းတာတို့ အကုန်လုပ်တာ”

စစ်ဆေးရေးဂိတ်တွေမှာ အချို့အဖမ်းခံရပြီးပြန်လွတ်လာမှ အဖမ်းခံရတာကိုသိရတာ၊ ညမထွက်ရအမိန့် ကန့်သတ်ချက်ရှိနေတာတွေကြောင့် အဖမ်းခံရသူအရေအတွက်ကို တိတိကျကျမသိကြရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက လုံခြုံရေးတင်းကျပ်နေသလိုပဲ KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တွေ ဘက်ကလည်း ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီရဲ့ လုံခြုံးရေးဂိတ်တွေနဲ့ တပ်စခန်းတွေကို မကြာခဏ သွားရောက် ပစ်ခတ်တာ၊ တပ်စခန်းသိမ်းပိုက်ဖျက်ဆီးတာ တွေ ခပ်စိပ်စိပ် လုပ်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ မြို့ပေါ်အထိ ကူးစက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၃ ရက်ညက လူပေါင်း ၆၀ ကျော်သေဆုံးခဲ့ရတဲ့ ဖားကန့် မြို့နယ်၊ အနန့်ပါရွာမှာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နောက်ပိုင်း ဖားကန့်မြို့မှာ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ပိုပြီး မြင်တွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA (2).jpg
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်တချို့အား ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Myu Tsaw Kasa)

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ နယ်မြေစိုးမိုးရေး ကြိုးပမ်းမှုဟာ အကြောင်းရင်းနှစ်ချက်ရှိနိုင်တယ်လို့ ပြောပါတယ်။

“နံပါတ် (၁) ကတော့ ရွေးကောက်ပွဲအတွက် ဖြစ်နိုင်ပါတယ်။ နံပါတ် (၂) ကတော့ ဖားကန့်ဒေသက အားလုံး သိတဲ့ အတိုင်းပဲ ဝင်ငွေရှိတဲ့ ဒေသဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ KIO ရဲ့ ဝင်ငွေကို သူတို့က ဖြတ်ချင်လို့လည်း ဖားကန့်ကို လုံခြုံရေး ချတာလည်း ဖြစ်နိုင်တယ်။ သူတို့ကလည်း ကျောက်စိမ်းနယ်မြေဆိုတော့ သူတို့လည်း ဝင်ငွေတွေ ရှာဖွေတဲ့ နေရာလည်း ဖြစ်နေတယ်။ သူတို့အုပ်စိုးနိုင်ဖို့ အတွက်လည်း လုံခြုံရေးချတာ ဖြစ်နိုင်တယ်။ ဖားကန့်သာ မဟုတ်ပါဘူး တခြားနယ်မြေမှာလည်း တိုက်ပွဲကတော့ ပြင်းထန်လာဖွယ်ရှိပါတယ်”

ကေအိုင်အေ အဖွဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေရဲ့ အဆိုအရ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်နဲ့ တပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဘက်က ၁၀ ကြိမ်ထက် မနည်း တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဖားကန့်မြို့မှာ လုံခြုံရေးတင်းကျပ်လာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လုံခြုံရေးကိစ္စကို သူ့အနေနဲ့ မသိကြောင်းနဲ့ ဖြေဆိုလို့မရကြောင်း တုံ့ပြန်ပါတယ်။

protest.jpg
ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုင်းရင်းသားပေါင်းစုံ ပင်မသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြစဉ်။ (Photo: Citizen Journalist)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ နောက်ဆုံးမှာ စစ်ရေးအရ အသာစီးရတဲ့ လက်နက်ကိုင်အင်အားစုတွေကပဲ ဖားကန့်မြို့ကို စိုးမိုးသွားနိုင်တယ်လို့ ပြောပါတယ်။

“ဒီနေ့အထိဆိုရင် အရေးကြီးတဲ့ ဖားကန့်ရဲ့ ပြင်ပစခန်းတွေ ဗျူဟာစခန်းကလွဲရင် ကျန်တဲ့ နေရာ တော်တော် များများက KIA သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်၊ ဖျက်ဆီး ထားပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် လာမယ့် ခြောက်လအတွင်း တိုက်ပွဲအလွန်မှာ ကတော့ စစ်ရေးအရ အသာစီးရတဲ့ အင်အားစုက ဖားကန့်ကို စိုးမိုးသွားမှာ ဖြစ်ပါ တယ်။ အဲဒါကလည်း အဓိကအားဖြင့် KIA နဲ့ PDF တွေက အခြေခံအားဖြင့် ဒီနယ်မြေကို အရင်ကထက် ပိုပြီးတော့ ကြီးစိုးလွှမ်းမိုးနိုင်တဲ့ အနေအထားဖြစ်လာပြီးတော့ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေဟာ တစ်ပြည်လုံးမှာ ရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေ ကြောင့် ဖားကန့်ကို ပိုပြီးတော့ လွှမ်းမိုးနိုင်မယ့် အနေအထားက တဖြည်းဖြည်း လျော့ကျသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

စစ်အာဏာသိမ်း အချိန်နှစ်နှစ်အတွင်း ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တို့အကြား တိုက်ပွဲပေါင်း ၁၁၂၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကေအိုင်အိုအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက် နေ့က RFA ကို ပြောဆိုထားပါတယ်။

ကချင်ဒေသမှာ ဖားကန့်မြို့နယ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး အားအကောင်းဆုံး မြို့နယ်တစ်ခုဖြစ်ပြီး လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက မြို့ပြလူထုသပိတ်တွေကိုလည်း အခုချိန်ထိ ပြောက်ကျားစနစ်နဲ့ လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။