ဖားကန့်က KIA တပ်စခန်းတွေကို စစ်ကောင်စီတပ် ထိုးစစ်ဆင်

RFA Burmese
2025.03.07
ဖားကန့်က KIA တပ်စခန်းတွေကို စစ်ကောင်စီတပ် ထိုးစစ်ဆင် စစ်ကောင်စီယာဉ်တန်းတစ်ခုကို ကချင်ပြည်နယ်၊ မြစ်ကြီးနား ဗန်းမော်လမ်းမ၊ နမ်ဆန်ယန်ကျေးရွာတွင် ၂၀၁၉ ခုနှစ်အတွင်း တွေ့ရစဉ်။
Kachin News Group

Updated 4:58 PM, March 7, 2025

ကချင်ပြည်နယ် ဗန်းမော်မှာ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်စခန်းတွေကို အခုရက်ပိုင်းမှာ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဆက်တိုက် တိုက်ခိုက်လာပြီး မြေပြင်ကနေလည်း တန်ပြန် စစ်ရေးပိုလှုပ်ရှားလာတယ်လို့ ဒေသခံတွေနဲ့ KIA သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မတ် ၆ ရက်နေ့ကလည်း ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာအနီး ဝခါးရွှေမှော်မှာ စခန်းချတဲ့ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) ရဲ့ ရှေ့တန်းစခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ပါတယ်။ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က မြေပြင်ကသာ တိုက်ခိုက်နိုင်ပြီး နယ်မြေရှင်းလင်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့ တစ်ရက်တည်းမှာပဲ တနိုင်းမြို့နယ်က KIA တပ်ရင်း (၁၄) ဌာနချုပ်၊ ရှဒူးဇွပ်ကျေးရွာနားက ရှေ့တန်းစခန်းတစ်ခု၊ ဖားကန့်က တပ်မဟာ (၉) နဲ့ ဗန်းမော်မြို့ ဆင်ကုန်း ရပ်ကွက်တွေကိုလည်း လေကြောင်းနဲ့ တိုက်ခိုက်တဲ့အတွက် အရပ်သား ခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

“စစ်ကောင်စီက အခုနောက်ပိုင်း လေယာဥ်တွေ၊ ဒရုန်းတွေသုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်လာပါတယ်”

စစ်အာဏာသိမ်းပြီး ခုခံစစ်ပဲ ပြင်ဆင်နေတဲ့ စစ်ကောင်စီက အခုနောက်ပိုင်း လေယာဥ်တွေ၊ ဒရုန်းတွေသုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့မှာပဲ KIA တပ်ရင်း (၁၄) ရဲ့ ရှေ့တန်းစခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းက တိုက်ပါတယ်။ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ပေမဲ့ စခန်းကို လက်လွှတ်လိုက်ရတယ်လို့ တနိုင်းမြို့နယ် ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“မနေ့ကဆိုရင် KIA တပ်ရင်း ၁၄ ရဲ့ ရှေ့တန်း ကာကင်းစခန်းတစ်ခုကို သူတို့ အရင်ဆုံး မနက်စောကြီးပေါ့နော်။ ဂျက်ဖိုက်တာ နှစ်စင်းနဲ့ ဗုံးလေးလုံး အရင်လာကြဲသွားတယ်။ ကြဲပြီးသွားတာနဲ့ တစ်ခါတည်း သူတို့ ဒီစစ်အင်အားအလုံးအရင်းနဲ့ ဝင်လုံးတာပေါ့နော်။ ဝင်လုံးတော့ ဒီစခန်းတစ်ခုကို လက်လွှတ်လိုက်ရတယ်။ အဲဒီလက်လွှတ်လိုက်ရတဲ့အထဲမှာ Star Link တွေနဲ့ ဗုံးသီးတွေ တော်တော်ပါသွားတာ၊ တွေ့ရပါတယ်”

လေကြောင်းနဲ့တိုက်ခိုက်ခံရချိန်မှာ KIA စစ်သားတစ်ဦး သေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါရွာတွင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တွေ့ရစဉ်။ (Citizen Photo)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါရွာတွင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တွေ့ရစဉ်။ (Citizen Photo)

KIA တပ်ရင်း (၁၄) ရဲ့ ရှေ့တန်းစခန်းနှစ်ခုကို မတ် ၆ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်၊ နယ်မြေရှင်းလင်းခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် လူမှုကွန်ရက်တွေမှာ ဖော်ပြပါတယ်။

“အခုနောက်ပိုင်း ဖားကန့်မှာ လေကြောင်းက ပိုတိုက်ခိုက်လာပြီး စစ်ရေး တင်းမာနေပါတယ်”

ဖားကန့်ဒေသခံတစ်ဦးကလည်း အခုနောက်ပိုင်း ဖားကန့်မှာ လေကြောင်းက ပိုတိုက်ခိုက်လာပြီး စစ်ရေး တင်းမာနေတယ်လို့ ပြောပါတယ်။

“ဒီရက်ပိုင်းအတွင်း ကျွန်တော်တို့ ထူးထူးခြားခြားပေါ့။ နှစ်ရက်သုံးရက်ရှိပြီး ဆက်တိုက် လေယာဥ်လာတာပေါ့။ ရက်ပိုင်းအတွင်း ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှိပါတယ်။ တစ်အချက်က အဲဒီလေယာဥ်ပါပဲ။ ဖားကန့်မှာနေတဲ့ ဒေသခံတွေကတော့ လေယာဥ်လာတယ်ဆို ကြောက်တာပေါ့။ တနေ့ကလည်း လာတယ်၊ မနေ့ကလည်းလာတယ်။ အဲဒီအတွက် တချို့ကတော့ ရွာတွေမှာ ဗုံးခိုကျင်းတွေ ကြိုတင်ပြီး တူးနေကြတာတွေ ရှိပါတယ်။ နှစ်ဖက်ကတော့ စစ်ရေး တင်းမာနေတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဘယ်ချိန်ချကြမလဲ ဆိုတာတော့မသိဘူး။ သေချာတာက နှစ်ဖက် စစ်ရေးဆိုင်ထားတာက သိပါတယ်ဗျ”

ကမ္ဘာကျော် ကျောက်စိမ်းတွေထွက်ရှိရာ ဖားကန့်ဒေသရဲ့ နယ်မြေ ရှစ်ဆယ်ရာခိုင်နှုန်းကို KIAက ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ကတော့ ဗျူဟာကုန်း အပါအဝင် တပ်စခန်းငါးခုခန့်သာ ထိန်းချုပ်ထားတာာလို့ ဆိုပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားအထက်ပိုင်း မြစ်ဆုံဘက်မှာလည်း စစ်ကောင်စီက လွန်ခဲ့တဲ့ တစ်လကျော်က စစ်ကြောင်းထိုးထားပြီး တန်ဖရဲရွာမှာ တပ်စခန်းချနေသလို မြစ်ကြီးနားမှာလည်း လုံခြုံရေး တင်းကျပ်နေတယ်လို့ မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ရေး အခြေအနေကတော့ အခုက လုံခြုံရေးယူတဲ့ အပိုင်းတွေကတော့ ပိုပြီးများလာတာပေါ့နော်။ ခါတိုင်း မစောင့်တဲ့နေရာမှာလည်း စောင့်နေတယ်။ ပြီးလို့ရှိရင် မြစ်ဆုံဘက်မှာကျတော့ နှစ်ဖက်တင်းမာနေတဲ့ အနေအထား ရှိတာပေါ့နော်။ သူတို့အစီအစဥ်တွေ ဘယ်လိုလာမလဲ ဆိုတာကိုတော့ ကျွန်တော်တို့က စိုးရိမ်နေတယ်ပေါ့။ မြစ်ဆုံဘက်ကတော့ စစ်ကြောင်းထိုးတဲ့ အခြေအနေတွေ ဟုတ်တယ်”

မြစ်ကြီးနားမြို့ကနေ နေရော ညပါ လက်နက်ကြီးသံတွေ ကြားနေရတာ နှစ်ရက်လောက် ရှိနေပြီလို့လည်း သူက ပြောပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်လည်း လမြန်နဲ့ ဝူယန်‌ ကျေးရွာဘက်ကို စစ်ကောင်စီတပ်က မတ် ၅ ရက်နေ့က ကားနှစ်စီးနဲ့ စစ်‌ကြောင်းထိုးတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ပြန်ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

ဗန်းမော်က စစ်ကောင်စီ လက်ကျန်တပ်ရင်းတွေကို KIA ပိတ်ဆို့ တိုက်ခိုက်နေ

KIA ဌာနချုပ် လိုင်ဇာကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်

မန္တလေးရောက် ဗန်းမော်စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် စားဝတ်နေရေး ခက်ခဲနေ


အလားတူ မိုးကောင်းမြို့နယ် ဆားမှော်ရွာနဲ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွေ စစ်ကောင်စီနဲ့ ရှမ်းနီတပ်တို့က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး လှုပ်ရှားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဗန်းမော်မြို့မှာ တိုက်ပွဲ ပြင်းထန်နေတဲ့အချိန် အနှောင့်အယှက်ပေးချင်တဲ့သဘောနဲ့ တခြားဒေသဘက်မှာ လေကြောင်းကလည်း တိုက်ခိုက်၊ စစ်ရေးလည်း လှုပ်ရှားနေတာလို့ ပြောပါတယ်။

“ကျွန်တော်တို့ ဗန်းမော်ဘက်မှာ တိုက်ပွဲတော့ ပြင်းထန်နေတယ်။ ဒါကြောင့် သူတို့လည်း တခြားဘက်မှာ နည်းနည်းယောင်ပြတဲ့သဘောမျိုး၊ ကျွန်တော်တို့ကို အနှောင့်အယှက်ပေးတဲ့ ပုံစံမျိုးနဲ့ အခုလိုမျိုး ကျွန်တော်တို့ရဲ့ အမှတ် (၉) တပ်မဟာ ဒေသဖြစ်နေတဲ့ ဖားကန့်တို့ အဲဒီပတ်ဝန်းကျင်မှာ လာပြီး ဗုံးကြဲတာလည်း ဖြစ်နိုင်တယ်”

ဝိုင်းမော်ဘက်မှာလည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဥ်တိုက်ခိုက်သလို ဖားကန့်နဲ့ တနိုင်းဘက်တွေမှာလည်း ပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေက စစ်ကြောင်း အကြီးအကျယ်ထိုးလာတာ မဟုတ်ပေမဲ့ စစ်ရေးလှုပ်ရှားနေတဲ့အတွက် ထိတွေ့တိုက်ပွဲရှိနေတယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာသာမက မကွေး၊ စစ်ကိုင်းတွေက တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေတွေကို စစ်ကောင်စီက အခုရက်ပိုင်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကချင်ပြည်နယ် ဖားကန့်မြို့တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကချင်ပြည်နယ် ဖားကန့်မြို့တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

မတ် လဆန်းပိုင်းကပဲ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ရွာတွေကို စစ်ကောင်စီတပ်က စီးနင်းပြီး နေအိမ်တွေကို မီးရှို့ခဲ့သလို တော်လှန်ရေးတပ်တွေ အများစုစိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က မန္တလေး-မြစ်ကြီးနား ကားလမ်းမကို စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့ နယ်မြေ ရှင်းလင်းနေတာကြောင့် ဒေသခံ နှစ်သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက RFA ကို မတ် ၅ ရက်နေ့မှာ ပြောပါတယ်။

“စစ်မှုထမ်းစစ်သားတွေနဲ့ တိုက်ပွဲ ပြန်လည်ဖော်ဆောင်လာတာတွေလည်း တွေ့မြင်လာရပါတယ်”

ဒါ့အပြင် ကယားပြည်နယ် (ကရင်နီပြည်) တော်လှန်ရေးတပ်တွေ ထိန်းချုပ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကိုလည်း စစ်ကောင်စီတပ်တွေက ပြန်လည် ထိုးစစ်ဆင်လာပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နဲ့ မိုင်နှစ်ဆယ်ကျော်အကွာက တောင်ခမ်းကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး TNLA နဲ့ မဟာမိတ်တွေသိမ်းထားတဲ့ တောင်ရှည်ရွာနဲ့ နားရှိုရွာထဲက အရေးပါတဲ့ တပ်စခန်းကုန်းတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ လကုန်ပိုင်းမှာပဲ ပြန်လည် သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူ ဗိုလ်ကြီး ဇင်ယော်ကလည်း စစ်ကောင်စီက အခုနောက်ပိုင်း ဒရုန်းနည်းပညာတွေ မြင့်လာသလို တချို့ တိုက်ပွဲတွေမှာလည်း လေယာဥ်၊ လက်နက်ကြီး၊ ဒရုန်းတွေရဲ့ ပစ်ကူယူပြီး စစ်မှုထမ်းစစ်သားတွေနဲ့ တိုက်ပွဲ ပြန်လည်ဖော်ဆောင်လာတာတွေလည်း တွေ့မြင်လာရတယ်လို့ ပြောပါတယ်။

“စစ်ကောင်စီဘက်က ဒရုန်းနည်းပညာ အဆင့်မြင့်လာတယ်။ ဒရုန်းမြင့်လာတယ်။ ပြီးရင်း သူတို့ နောက်ပိုင်း ပြည်သူ့စစ် စစ်မှုထမ်းဥပဒေ ကလေးတွေကို ဝါဒမှိုင်းတိုက်ပြီး တိုက်ခိုက်လာတာ တွေ့ရတယ်ပေါ့နော်။ တချို့ဆို အပတ်စဥ် (၅) အဖွဲ့တွေဆိုတောင် Professional စစ်သားပုံစံနဲ့ တိုက်လာနိုင်တဲ့ပုံစံမျိုးတွေလည်း မြင်လာရတာရှိတယ်။ အဓိက သူတို့ အင်အား ရသွားတာပေါ့နော်။ အင်အားရဲ့ဒရုန်းပညာရယ်၊ ပြီးတော့ သူတို့မှာက လက်နက်ခဲယမ်းက အကန့်အသတ်မဲ့ပဲ”

တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ ကချင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA ရဲ့စာရင်းအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီကနေ မတ် ၇ ရက်နေ့အထိ ကချင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၄ ဦးသေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းကနေ ဒီနေ့အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ၊ မံစီ စတဲ့ မြို့ ၁၄ မြို့နဲ့ တပ်စခန်းပေါင်း သုံးရာခန့်ကို သိမ်းပိုက်ထားပါတယ်။

(မှတ်ချက် - ဤဆောင်းပါးတွင် တနိုင်းဒေသခံ၊ ဖားကန့်ဒေသခံ၊ မြစ်ကြီးနားဒေသခံတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။