ဗန်းမော်လေယာဉ်ကွင်းတစ်ဝိုက်ကို KIA ဘက်က စိုးမိုးထားပြီး တိုက်ပွဲဆက်ပြင်းထန်နေ
2025.01.27
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရဲ့ လေယာဉ်ကွင်းပတ်ဝန်းကျင်ကို KIA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက် စီးနင်းထားသလို၊ ကျန်တဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေနားမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ KIA က ပြောပါတယ်။
ဗန်းမော်မြို့က သံချပ်ကာတပ်ကို သိမ်းပိုက်ပြီးနောက် လေယာဉ်ကွင်းနားက အမှတ် (၃၆၆) အမြောက်တပ်၊ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)၊ ခြေလျင်တပ်ရင်း ခလရ (၄၇) အပါအဝင် ကျန်နေတဲ့တပ်တွေကို ဆက်လက်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
စကခ (၂၁) ဝန်းကျင်နဲ့ ဗန်းမော်-မံစီလမ်းဘက်က ခလရ (၄၇) ဘက်မှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ ဗန်းမော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အခုအသံကြားရသလောက်ဆိုတော့ အဲဒီထောင်ပတ်ဝန်းကျင်ပေါ့နော်၊ စကခ (၂၁) ပတ်ဝန်းကျင်မှာ အဲဒီဘက်ကနေ ထောင်ပတ်ဝန်းကျင်နဲ့ စကခ (၂၁) ပတ်ဝန်းကျင်ရော၊ ပြီးရင် လေယာဉ်ကွင်း နောက်ကျောတွေရော သူတို့က တစ်ဆက်တည်းရှိနေတယ်ဆိုတော့ အဲဒီတစ်ကျောလို့ပဲ ပြောရမှာပေါ့နော်။ အဲဒီဘက် ပစ်ခတ်တဲ့အသံတွေ လက်နက်ကြီးပစ်ခတ်တဲ့အသံတွေ ကြားနေရတုန်းပဲ။ စကခ (၂၁) ပတ်ဝန်းကျင်တစ်ခုလုံးကတော့ အဲဒီလိုပစ်ခတ်တဲ့အသံတွေ ကြားနေရတုန်းပဲ"
နှစ်လနီးပါးရှိပြီဖြစ်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး တိုက်ပွဲ ပြန်ပြင်းထန်လာသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ နေ့ရာ ညပါ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကလည်း ဗန်းမော်မြို့ပေါ်ကို ပေါင် ၁၀၀၀ ဗုံးနဲ့ ကြဲခဲ့တာကြောင့် မြို့ပေါ်က နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဧက ရာနဲ့ချီ ကျယ်ဝန်းတဲ့ စကခ (၂၁) တပ်ဝန်းထဲအထိ တိုက်ပွဲဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ ဗန်းမော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"တပ်တွေကျတော့ ဆက်ထားတာ အကျယ်ကြီးဆိုတော့ GE (စစ်အင်ဂျင်နီယာတပ်) တပ်ရှိတယ်၊ စရဖတပ် (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) ရှိတယ်။ အဲဒီ (၂၁) တပ်အကုန်လုံးက သူက တစ်ဆက်တည်းပဲ ဝန်းက အကျယ်ကြီးလေ။ ပြီးရင် လေယာဉ်ကွင်းကနေလည်း ပေါက်တယ်။ ပြီးရင် ဟိုဘက် နောင်ခို၊ နမ့်ဖား အဲဒီဘက်ထိ ပေါက်တယ်၊ လမ်းက။ တပ်တွင်းထဲမှာ အဲလိုအကျယ်ကြီး ဧက ရာချီတောင်ရှိတယ်။ (၂၁) ထဲမှာ တော်တော်လည်း ဝန်းထဲမှာ ဝင်ပစ်နေပြီးလို့ပြောတယ်။ အခု (၂၁) တပ်မှာပဲ အကုန်စုနေတာ၊ သူတို့ရဲ့ မိသားစုဝင်တွေရော"
ဗန်းမော်မြို့ စကစ (၂၁) လက်အောက်မှာ ခလရ (၄၇)၊ ခလရ (၂၃၆)၊ အမှတ် (၃၆၆) အမြောက်တပ်၊ အမှတ် (၉၁၄) စစ်အင်ဂျင်နီယာတပ်၊ အမှတ် (၉၄၄) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်၊ အမှတ် (၉၃၃) ထောက်ပံ့ပို့ဆောင်ရေးတပ်၊ စစ်လက်နက်ပစ္စည်းတပ်ခွဲ (စစန ၆၄၁) တို့ ရှိနေတာပါ။
ဗန်းမော်လေယာဉ်ကွင်းကို KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတယ်လို့ နောက်ထပ် အမည်မဖော်လိုတဲ့ ဗန်းမော်ဒေသခံတစ်ဦးကလည်း RFA ကို ပြောပါတယ်။
"လေယာဉ်ကွင်းကိုကတော့ KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပြီဆိုတဲ့ဟာတွေ သိထားရပြီပေါ့နော်။ ဒီဗန်းမော်လေယာဉ်ကွင်းဟာဆိုရင် သူတို့အတွက် အရေးကြီးတဲ့ လေယာဉ်ကွင်းထဲမှာ ပါတယ်။ သူတို့ ထောက်ပို့တွေ၊ စားနပ်ရိက္ခာတွေ ပို့တဲ့အခါကျတော့ အမြဲတမ်းလာတာပေါ့နော်။ လာပြီးမှ ဒီနေရာကနေ သယ်ယူပို့ဆောင်ရေးတွေ လုပ်ပေးတဲ့ဟာ ဟုတ်တယ်။ အခုသူတို့ စိန်ခေါ်မှုတွေ အများကြီး ရှိတဲ့အခါကျတော့ ပြည်သူလူထုရှိတဲ့ဘက်ကို သူတို့ ပစ်မှတ်တွေထားလာတာပေါ့နော်"
ဆက်နွှယ်သောသတင်းများ
ဗန်းမော်မြို့ နေရာအများစုကို KIA ထိန်းချုပ်
ဗန်းမော်မြို့က စစ်ကောင်စီသံချပ်ကာတပ်ရင်းကို KIA သိမ်းပိုက်
ဗန်းမော်မြို့မှာ တစ်ကျော့ပြန် တိုက်ပွဲတွေပြင်းထန်နေ
ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း ဗန်းမော်လေယာဉ်ကွင်း လေယာဉ်ပြေးလမ်းပေါ်မှာ KIA နဲ့ ပူးပေါင်းတပ်တွေ လမ်းလျှောက်နေတဲ့ ရုပ်သံတစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ တိုက်ပွဲစဖြစ်ကတည်းက ဗန်းမော်လေယာဉ်ကွင်းကို ခရီးသည်တွေအတွက် အသုံးမပြုတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လေယာဉ်ကွင်းကို ဝင်စီးထားနိုင်တာသာဖြစ်ပြီး တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
"သံချပ်ကာတပ် သိမ်းတာကတော့ ဟိုနေ့ကဖြစ်ပါတယ်၊ အခုနှစ်ရက်ရှိပါပြီ။ ဒါပေမဲ့ လေဆိပ်သိမ်းတာကတော့ အတည်မဖြစ်သေးပါဘူး။ ရှေ့တန်းသမားတွေက ဝင်စီးတဲ့ အနေအထားလောက်တော့ ရှိလောက်ပါတယ်။ တိုက်ပွဲ ပြောစရာမလိုဘူး။ ပြင်းပြင်းထန်ထန်ပါပဲ၊ နေ့တိုင်း။ ဗန်းမော်မှာရှိတဲ့ တပ်စခန်းအားလုံးကို ဝင်တိုက်တာ ဖြစ်ပါတယ်"
ဗန်းမော်လေယာဉ်ကွင်းနားက စစ်ကောင်စီရဲ့ အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး သံချပ်ကားခုနစ်စီး ရခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
"လေဆိပ်သိမ်းတာကတော့ အတည်မဖြစ်သေးပါဘူး။ ရှေ့တန်းသမားတွေက ဝင်စီးတဲ့ အနေအထားလောက်တော့ ရှိလောက်ပါတယ်"
တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
အခုရက်ပိုင်းမှာပဲ စကခ (၂၁) ကျသွားနိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။
"လက်ရှိမှာတော့ သံချပ်ကာတပ်ကိုလည်း ရထားပြီးပြီပေါ့နော်။ ပြီးရင် လေယာဉ်ကွင်းလည်း စိုးမိုးထားနိုင်တဲ့ အနေအထားမျိုးရှိပြီ။ ခန့်မှန်းရမယ်ဆိုရင်တော့ စကခ (၂၁) နဲ့ အမတ (၃၆၆) က အရင် ကျလိမ့်မယ်ထင်တယ်။ အရင်ကျသွားမယ်။ နောက်ဆုံးပိတ်ကျန်မှာက အင်အားနည်းနည်း ပိုပြီးကောင်းတဲ့ ခလရ (၄၇) နဲ့ စစ်လက်နက်ပစ္စည်းတပ်ခွဲ (စစန - ၆၄၁) လောက်ပဲကျန်မယ်။ စကစ (၂၁) ကျရင် ကျန်တဲ့ လက်ရုံးတပ်တွေလည်း ပြိုဆင်းသွားမှာပေါ့"
စကခ (၂၁) လက်အောင်ခံ မြို့သစ်၊ ကုန်းလော၊ ဒါဆိုင်း၊ နွမ်လန်း စတဲ့ နေရာမှာရှိတဲ့ ခမရ (၃၂၀)၊ (၃၈၇)၊ (၄၃၈)၊ ခလရ (၂၃၇) တပ်ရင်းတွေအပြင် မံစီမြို့မှာရှိတဲ့ ခမရ (၃၁၉)၊ ခမရ (၆၀၁) နဲ့ အမှတ် (၇၀၀၆) သံချပ်ကာ တပ်ရင်းတွေကို KIA ဘက်က သိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်နဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့နဲ့ မံစီမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မံစီမြို့က တပ်တွေကိုတော့ အခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှာ သိမ်းယူထားတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ၊ မံစီ စတဲ့မြို့ ၁၄ မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပါတယ်။