ရဲတပ်ဖွဲ့ စည်းကမ်းထိန်းဥပဒေပြင်တာဟာ ပိုဖိနှိပ်ဖို့ဖြစ်ကြောင်း လေ့လာသူတွေ ပြော

RFA Burmese
2024.02.16
ရဲတပ်ဖွဲ့ စည်းကမ်းထိန်းဥပဒေပြင်တာဟာ ပိုဖိနှိပ်ဖို့ဖြစ်ကြောင်း လေ့လာသူတွေ ပြော ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ NLD ရုံးချုပ်အား စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့ဝင်များမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ကြစဉ်။
Photo: RFA

ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေကို စစ်ကောင်စီက ဒုတိယအကြိမ်ပြင်ဆင်တာဟာ ရဲတပ်ဖွဲ့ကို ပြောင်းလိုက်တဲ့ စစ်ဖက်ကအရာရှိကြီးတွေကို လုပ်ပိုင်ခွင့်တိုးပေးပြီး၊ ရဲတပ်ဖွဲ့ဝင်တွေကို ပိုဖိနှိပ်မယ့် ဥပဒေဖြစ်တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

“ရာထူးအကြီးပိုင်းတွေဆိုရင် အဓိကများသောအားဖြင့်က တပ်ကပြောင်းလာတဲ့သူတွေ များတယ်။ အဲဒါကြောင့် သူတို့ တပ်ကလူတွေ ဒီမှာရှိတဲ့တပ်ရင်းတပ်ဖွဲ့တို့၊ တိုင်းတို့၊ ပြည်နယ်တို့မှာရှိတဲ့ ခရိုင်မှူးရဲ့ လုပ်ပိုင်ခွင့်တွေကို လုပ်လို့ရတယ်ဆိုတဲ့အပိုဒ်လည်း တွေ့ရတယ်။ အဲဒါကတော့ သူတို့လူကို သူတို့ ပြန်ပြီးအသုံးချမယ့် အနေအထားတော့ သုံးသပ်မိတယ်ပေါ့”

ဒီပြင်ဆင်ချက်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။

"ရဲ စည်းကမ်းထိန်းသိမ်းရေးဥပဒေက စတင်ပေါ်ပေါက်လာကတည်းက ရဲကို စစ်တပ်ရဲ့ ပုံစံခွက်ထဲထည့်လိုက်တာ"

ထုတ်ပြန်ချက်အရ ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေ အခန်း ၁၂ ခန်းပါ ပုဒ်မ ၅၇ ခုထဲက ပုဒ်မ ၂၆ ခု မှာပါရှိတဲ့ ရာထူး၊ ဖွဲ့စည်းပုံ၊ ပြစ်မှု ဝေါဟာရအသုံးအနှုန်းတချို့ကို ပြန်လည်ပြင်ဆင်ထားပါတယ်။

အုပ်ချုပ်မှုအာဏာနဲ့ ပြစ်မှုကျူးလွန်တဲ့ တပ်ဖွဲ့ဝင်တွေကို ချုပ်နှောင်ခွင့်နဲ့ စစ်ဆေးခွင့်အာဏာကို ရဲမှူးကြီးအထက် အဆင့်ရှိသူတွေကို အခွင့်အာဏာပေးနိုင်ဖို့ လိုအပ်တဲ့ပုဒ်မတွေကို ပြင်ဆင်ဖြည့်စွက်ရတာဖြစ်တယ်လို့ ရဲမှူးချုပ် ကျော်လင်းက နေပြည်တော် စစ်ကောင်စီ ဥပဒေရေးရာဝန်ကြီးဌာနမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောထားပါတယ်။

ဒီဥပဒေပြင်ဆင်ချက်ဟာ ရဲတပ်ဖွဲ့ကို ပိုကောင်းလာဖို့ မဟုတ်ဘဲ နှိပ်ကွက်ဖို့ပဲဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDM ဒုရဲအုပ်တစ်ယောက်ကလည်း သုံးသပ်ပါတယ်။

“ကျွန်တော့် အမြင်အရဆိုရင်တော့ ရဲတပ်ဖွဲ့အတွက်တော့ ပိုပြီးထူးခြားကောင်းမွန်လာစရာ မရှိဘူး။ ထူးခြားစရာ မရှိဘူး၊ လိုအပ်ရင်ဆွဲစိမယ်၊ ဆွဲစားမယ် ဒါလောက်လုပ်ဖို့အတွက်ပဲ မွမ်းမံပြီးထုတ်တယ်လို့ ကျွန်တော် ယူဆပါတယ်”

NUG ရဲ့ ရဲဦးစီးချုပ် စစ်မင်းနိုင် (အမည်လွှဲ) ကလည်း ဒီပြင်ဆင်ချက်က ရဲတပ်ဖွဲ့ ဝင်တွေကို မြန်မြန်ဆန်ဆန် အရေးယူနိုင်ဖို့ စစ်ကောင်စီက ရည်ရွယ်တာလို့ ထောက်ပြပါတယ်။

“ဒီတပ်ဖွဲ့ဝင်တွေကို အရေးယူတဲ့အပိုင်းမှာ ဒီဆောင်ရွက်တဲ့ နေရာမှာပေါ့။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ရဲတပ်ဖွဲ့တွေနဲ့ ဆောင်ရွက်တဲ့အခါမှာ ကြန့်ကြာမှုတွေ၊ နှောင့်နှေးမှုတွေ ဖြစ်လာမှာပေါ့။ အထူးတပ်ဖွဲ့တွေမှာလည်း တပ်ဖွဲ့မှူးတွေ ဒါကို သူတို့က အာဏာပေးလိုက်တာပေါ့နော်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အဲဒီ ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ နိုင်ငံသားဆိုင်ရာ မူလအခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်တဲ့ ပုဒ်မတွေပါနေတာကြောင့် ဖျက်သိမ်းတဲ့အကြောင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများသမဂ္ဂအဖွဲ့ချုပ်က တရားလွှတ်တော်ရှေ့နေ စောဘဦးလေးကတော့ ဒီဥပဒေဟာ ရဲတပ်ဖွဲ့အတွက် မလိုဘူးလို့ သုံးသပ်ပါတယ်။

“ဒီ ၁၉၉၆ ရဲ စည်းကမ်းထိန်းသိမ်းရေးဥပဒေဟာ နဂိုကတည်းက မလိုတာ။ အဲတော့ ဒီ ရဲ စည်းကမ်းထိန်းသိမ်းရေးဥပဒေက စတင်ပေါ်ပေါက်လာကတည်းက ရဲကို စစ်တပ်ရဲ့ ပုံစံခွက်ထဲထည့်လိုက်တာ၊ စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်ကို ထည့်လိုက်တာ။ သို့အတွက်ကြောင့် အခုချိန်မှာလည်း အဲဒီ မလိုအပ်တဲ့ဥပဒေကို ထပ်ပြီးပြင်တယ်ဆိုတာက စစ်တပ်ရဲ့ အင်အားမရှိတော့တဲ့အတွက်ကြောင့် ရဲကို စစ်တပ်ရဲ့ အင်အားအဖြစ် တရားဝင်ယူသုံးလို့ရတဲ့ အခြေအနေမျိုးတစ်ခုကို ဖန်တီးတယ်လို့ပဲ ကျွန်တော်ကတော့ မြင်တယ်”

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၆ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများအား ဖြိုခွင်းခဲ့စဉ်။ (Photo: RFA)
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၆ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများအား ဖြိုခွင်းခဲ့စဉ်။ (Photo: RFA)

ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပြင်ဆင်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဟာ ၂၀၀၈ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။

“တပ်မတော်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှာတော့ တပ်မတော်ဆိုတာ တပ်မတော်ရဲ့ အင်အားဖြစ်တယ်။ ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုပဲဖြစ်တယ်။ ရဲက မပါဘူး။ ဝန်ကြီးဌာနလည်း သက်သက်ဖြစ်နေတယ်။ ကာကွယ်ရေးလည်း မဟုတ်ဘူး။ ပြည်ထဲရေးလည်း ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရဲတွေသည် အမှုဖြစ်လို့ရှိရင် ရဲက သူဘာသာသူ အရပ်ဘက်တရားရုံးက စီရင်ဖို့ပဲရှိတယ်။ ရဲတပ်တွင်း တရားရုံးလို့ တီထွင်လိုက်တာက တကယ်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဆန့်ကျင်ပြီးတော့ မူလတရားရေးကိုပါ လွှမ်းမိုးသလိုဖြစ်တယ်။ အဲဒါက မဖြစ်ရဘူး”

အနာဂတ်မှာ လွတ်လပ်တဲ့ လွှတ်တော်တစ်ရပ် ပြန်ပြီးပေါ်ပေါက်လာရင် ရဲစည်းကမ်းထိန်းသိမ်းဥပဒေကို ပယ်ဖျက်သင့်ရင် ပယ်ဖျက်ရမယ်လို့လည်း သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။