CDM ရဲနဲ့စစ်သားတွေကို ပြည်သူ့သားကောင်းအဖွဲ့က ကျပ်သိန်း ၃၈ဝ နီးပါးချီးမြှင့်

ခင်မောင်စိုး
2023.01.11
CDM ရဲနဲ့စစ်သားတွေကို ပြည်သူ့သားကောင်းအဖွဲ့က ကျပ်သိန်း ၃၈ဝ နီးပါးချီးမြှင့် ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က ပြည်သူ့ဘက်ကို ကူးပြောင်းလာသည့် စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ ခမရ ၂ မှ တပ်သား ဟိန်းဇော်ဦး။
Cobra Column

စစ်တပ်အာဏာသိမ်းပွဲကို ဆန့်ကျင်တဲ့ ပြည်သူ့သားကောင်းအဖွဲ့က လက်ရှိစစ်ကောင်စီလက်အောက်မှာ အကြောင်းအမျိုးမျိုးနဲ့ ဆက်လက်တာဝန်ထမ်းနေတဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝန်ထမ်းတွေကို ဒီမိုကရေစီအင်အားစုတွေနဲ့ အမြန်ဆုံးလာရောက်ပူးပေါင်းဖို့ မနေ့က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ဦးဆောင်လှုပ်ရှားနေသူ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ CDM ဗိုလ်ကြီး ခင်ပပထွန်း က အဲဒီလို လာရောက်သူတွေကို လိုအပ်သလို ကူညီနေပါတယ်၊ သူတို့အဖွဲ့အနေနဲ့ ၂ဝ၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ကစပြီး အခုအချိန်အထိ CDM တပ်သား ၄၁ ဦးနဲ့ CDM ရဲတပ်ဖွဲ့ဝင် ၁၂ ဦးကို ပံ့ပိုးနိုင်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်မတို့အနေနဲ့ ဆုချီးမြှင့်ငွေ စုစုပေါင်း ကျပ်ငွေ ၃၇၉ဝ၅၆ဝဝ ချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်ရှင်။ ကျွန်မတို့ ဆုချီးမြှင့်တဲ့အခါမှာလည်း CDM ပြုလုပ်လာသူတစ်ဦး သုံးသိန်းကျပ်၊ မိသားစုဝင်တစ်ဦးပါရင် လေးသိန်းကျပ် မိသားစုဝင် တစ်ဦးထက်မက ပါပါက ငါးသိန်းကျပ် ချီးမြှင့်ပေးတာဖြစ်ပါတယ်။ လက်နက်နဲ့ CDM ပြုလုပ်လာသူကလည်း အခုချိန်ထိ ဆိုရင် ၁၁ ဦး ရှိပြီဖြစ်ပါတယ်။ လက်နက် ခဲယမ်းများ ပါခဲ့မယ်ဆိုရင်ပါလာတဲ့ လက်နက်ခဲယမ်းပေါ် မူတည်ပြီး ဆုချီးမြှင့်ငွေ ပေးအပ်လျှက် ရှိပါတယ်ရှင်။ အခု ၂၀၂၃ မှာဆိုရင် ပြည်သူ့သားကောင်း ပရောဂျက်အနေနဲ့မူဝါဒပြောင်းလဲသွားတာ ရှိပါတယ်။ အဲ့ဒါကတော့ အချိန်ကာလပြောင်းလဲပေးခြင်းပဲ ဖြစ်ပါတယ်။ အခုချိန် CDM ပြုလုပ်လာသူများဟာဆိုရင် CDM ပြုလုပ်ပြီး တစ်လအတွင်းမှာ ပြည်သူ့သားကောင်းပရောဂျက်နဲ့ ဆက်သွယ်မှသာလျှင် ဆုငွေ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ယခင် ၂၀၂၂ ခုနှစ်အတွင်းမှာတော့ စက်တင်ဘာ ၁ ရက်နေ့မှာ စတင်ပြီး နှစ်ကုန်ထိ CDM ပြုလုပ်ခဲ့တဲ့သူများကို ယခု ဇန်နဝါရီလ ၁၅ ရက်နေ့ အထိ စောင့်ပေးမှာဖြစ်ပါတယ်”

8542ccff-f1e9-4680-9c32-28a1dcd8c282.jpeg
စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလူထူလှုပ်ရှားမှု CDM တွင် ပါဝင်ပြီး ပြည်သူ့ဘက်ကို ကူးပြောင်းလာသည့် စစ်တပ်အရာရှိများ။ (Photo: People's Embrace)

အခုလတ်တလော ပြည်သူနဲ့ပူးပေါင်းခဲ့သူတစ်ဦးကတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၉၅ က တပ်ကြပ်ကြီး နွေဦး ဖြစ်ပါတယ်။

“ကျွန်တော့်အမျိုးသမီးနဲ့ ကလေးတွေကို ဦးစွာပထမ ရှောင်ခိုင်းပါတယ်။ ရှောင်ခိုင်းပြီးတော့မှ တတိယနှစ် တက်နေတဲ့ သားကြီးရယ် ကျွန်တော်ရယ် နှစ်ယောက်ကို ထွက်လာဖို့ အတွက် ပြည်သူ့ရင်ခွင်က လမ်းစရိတ် တစ်ယောက် တစ်သိန်းစီ လှမ်းပို့ပါတယ်။ အဲ့ကစပြီး ထောက်ပံ့မှုရှိပါတယ်။ အဲ့ကနေ လွတ်မြောက်နယ်မြေ ကြားစခန်းကိုရောက်ပါတယ်။ ရောက်ပြီးတော့မှ ဘေးအန္တရာယ်ကင်းစွာနဲ့ပဲ စားရေးသောက်ရေးကအစ လိုလေသေးမရှိအောင် ထားပေးပါတယ်။ အဲ့လိုနဲ့ ကျွန်တော့်အမျိုးသမီးနဲ့ ကလေးတွေကို စုံစမ်းတာပေါ့ လိပ်စာအရ။ ကျွန်တော့်အမျိုးသမီးကလည်း တော်တော်ကြီး ကြောက်နေတယ်ပေါ့။ သူတို့ရဲ့ယုတ်မာမှုတွေသိတာဖြစ်တဲ့အတွက် ကျွန်တော်လည်းသိတာ ဖြစ်တဲ့အတွက် ပြည်သူ့ပန်းတိုင်နဲ့ထပ်ပြီးတော့ ချိတ်ဆက်တယ်။ အဲ့ဒီမှာ ပြည်သူ့သားကောင်းနဲ့ထပ်ပြီး အဆက်အသွယ်ရသွားတယ်။ ပြည်သူ့ပန်းတိုင်က ကျွန်တော့်မိသားစု ဘေးအန္တရာယ်ကင်းရှင်းစွာ ရောက်ရှိရေးအတွက် အကူအညီ ပေးပါတယ်ခင်ဗျ။ ပြည်သူ့သားကောင်းကနေပြီးတော့ မိသားစုလိုက် ထွက်လာတာဖြစ်တဲ့အတွက် ချီးမြှင့်ငွေ ၅ သိန်းကျပ်ကို လက်ခံရရှိပါတယ်။ အခုလောလောဆယ်မှာ ကျွန်တော့်မိသားစုနဲ့ ပေါင်းစည်းတာ သုံးရက်ရှိပါပြီ ခင်ဗျာ”

CDM တပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်း က စစ်ကောင်စီဟာ အောက်ခြေတပ်ဖွဲ့ဝင်တွေ သူတို့ကို စွန့်ခွာပြီး ပြည်သူနဲ့ပူးပေါင်းခြင်း မပြုနိုင်အောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“ပြည်သူ့သားကောင်း စတင်တဲ့ အချိန်ကနေအထိ ဆက်သွယ်လာသူရှိတယ်။ သူတို့တွေသည် အာဏာသိမ်းတာကို မကြိုက်ဘူး။မှားနေတာတွေကိုလည်း မှားမှန်းသိတယ်။ အပြင်ထွက်ဖို့အတွက် အခွင့်အရေးမရခဲ့ဘူး။ မိသားစုကို ချုပ်ကိုင်ထားတယ်။ မှတ်ပုံတင်တွေ သိမ်းဆည်းထားတယ် စတဲ့ အခက်အခဲတွေ အများကြီးရှိတယ်ပေါ့နော်။ သူတို့ ထွက်လာရင် မိသားစုကိုခေါ်ထားမလား စသဖြင့် အဲ့ဒီလိုအတွေးလွန်တာတွေ အများကြီးနဲ့ အခက်အခဲပေါင်းများစွာနဲ့ ထွက်ဖို့အတွက် အခွင့်အရေး မရခဲ့ဘူး။ ဒါပေမဲ့ ရတဲ့အချိန်မှာ ရသလို ထွက်လာခဲ့ကြတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာခဲ့တဲ့သူတွေလည်း ရှိသလို ရှေ့တန်းစခန်းကနေပြီးတော့ အသက်လုပြီး အာဏာရှင်လက်အောက်မှာ မနေချင်လို့ ယူနီဖောင်းတောင် မလဲနိုင်ဘဲ ထွက်ပြေးလာတဲ့ အဖွဲ့တွေလည်း ရှိတယ်။ အဲ့အဖွဲ့တွေကိုလည်း ဆုချီးမြှင့်ပေးခဲ့တာတွေ ရှိတယ်။ အဖွဲ့တွေ ချိတ်ဆက်ရာမှာ နီးစပ်ရာ PDF အဖွဲ့တွေ၊ KNU အဖွဲ့တွေ တိုင်းရင်းသားအဖွဲ့တွေ ချိတ်ဆက်ပြီး ဝင်လာတာတွေ ရှိသလို ပြည်သူ့ပန်းတိုင်၊ ပြည်သူ့ရင်ခွင် စသဖြင့် ချိတ်ဆက်ပြီး ဝင်လာတဲ့ အဖွဲ့တွေလည်း အများကြီး ရှိပါတယ်။ တပ်ထဲမှာနေရတဲ့ စစ်သားတွေရဲ့ ဘဝဟာ အသုံးချခံ စတေးခံ ဘဝကို ရောက်နေတယ် အာဏာရူး မင်းအောင်လှိုင် အာဏာရူးသမျှကို ကျွန်မတို့ အောက်ခြေစစ်သားတွေ ဗိုလ်မှူးတွေ ဗိုလ်ကြီးတွေကအစ အပင်ပန်း အဆင်းရဲတွေ ခံနေရတယ်၊ အသက်တွေ စတေးနေရတယ်၊ သူတို့ မပြုချင်တဲ့ သူတို့ မလုပ်ချင်တဲ့ ကိစ္စတွေအောက်ကနေ အစားထိုး ပြုလုပ်ပေးနေရတဲ့ ဖြစ်ရပ်တွေ ရှိတယ်။ ပြီးတော့ တပ်ထဲမှာ ဆိုရင်လည်း ဖွဲ့စည်းပုံက ကျယ်ပြန့်တယ်။ ဒါပေမယ့် အင်အားက အဲ့ဒီလောက် သိပ်မရှိဘူး။ မနှစ်လောက်ကတည်းက လက်ရုံးတပ်တွေ လုံခြုံရေးမှာ အစားထိုးလာတာရှိတယ်။ အခု နောက်ပိုင်းမှာကျတော့ လုံခြုံရေးတင်မဟုတ်ဘဲ ရေတပ်တွေ လက်ရုံးတပ်တွေကို ရှေ့တန်းစခန်းတွေမှာပါ အသုံးပြုလာတာတွေ စစ်ကြောင်းထိုးတဲ့ နေရာမှာ လိုက်ရတာတွေ ရှိတဲ့ အတွက်ကြောင့် တော်တော်ဆိုးဆိုးဝါးဝါးကို ဖြစ်နေတယ်လို့ ယူဆရပါတယ်။”

CDM တပ်ကြပ်ကြီး အငယ်လေးကတော့ အမေရိကန်အစိုးရ လတ်တလောပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ NDAA အရ စစ်ကောင်စီလက်အောက်ကထွက်လာမယ့် CDM စစ်သည်တွေအနေနဲ့ အကျိုခံစားခွင့်တွေ ရရှိမှာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုပါတယ်။

“တော်လှန်ရေးအောင်ဖို့ဆိုရင် နိုင်ငံတကာရဲ့ ဖိအားလိုတယ်။ ပြည်သူလူထုပါဝင်မှု နောက်ဆုံးတစ်ခုက Defection ဒီဖက်ရှင်ပေါ့။ ဒါက ဆရာမကြီး ဒေါ်မီမီဝင်းဘတ်ပြောသွားတာ။ ကျွန်တော်တို့ အပေါ်က နှစ်ချက်ကတော့ တော်တော်ပြည့်စုံနေပြီ။ အောက်က Defection CDM ဒီဟာက ထိုက်သင့်သလောက် အောင်မြင်မှု ရရှိထားပြီ။ ဒီလိုအခြေအနေမျိုးမှာပဲ အမေရိကန်ကနေပြီးတော့မှ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သမ္မတကြီးကိုယ်တိုင်က NDAA ကို အတည်ပြုထားတဲ့ ဥပေဒေကို သူလက်မှတ်ထိုးလိုက်ပြီ။ NDAA မှာ ဘာတွေပါလဲ ဆိုတော့ ကျွန်တော်တို့ CDM နဲ့ ပတ်သက်တဲ့ အချက်ကိုပဲ ဆွဲနုတ်ပြောချင်ပါတယ်။ အခန်း ၃ မှာဆိုရင် CDM တွေကို ထောက်ပံ့ရမယ်။ ပေးရမယ်လို့ အတိအလင်း ဖော်ပြထားတယ်။ အဲ့လိုအတိအလင်း ဖော်ပြထားခြင်း အားဖြင့် ဒီဥပဒေ က သမ္မတလည်း လက်မှတ်ထိုးပြီးပြီ ဖြစ်တဲ့အတွက် လုံးဝကို အကောင်အထည်ဖော်ရတော့မယ် အကောင်အထည်ဖော်ဖို့လည်း အခု ၆ လပိုင်းမှာ စမှာ ပေါ့နော်။ ထွက်လာတဲ့ တပ်မတော်သား CDM ပဲဖြစ်ဖြစ် ရဲ CDM ပဲဖြစ်ဖြစ် သူတို့ရဲ့ဘဝအာမခံချက်ကို အမေရိကန်က ဥပဒေအရ အကာအကွယ်ရမယ်။ အထောက်အပံ့ရမယ်။ နောက်ဆုံး သူတို့နိုင်ငံမှာ ခိုလှုံခွင့်အထိ စဉ်းစားချက်တွေ ရှိလာနိုင်တယ်။တပ်မတော်ကနေ ဘက်ပြောင်းလာခြင်းအားဖြင့် သူတို့ရဲ့ အနာဂတ်တွေ ဘဝတွေ ကောင်းမွန်တဲ့အနေအထားရှိလာနိုင်တယ်ဆိုတာ ပြောချင်တယ်”

ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့ ကော်ဘရာစစ်ကြောင်းကို ဆက်သွယ်ပြီး MA3 သေနတ်တစ်လက်နဲ့အတူ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၅ ရက်နေ့က ပြည်သူ့ဘက်ကို ပြောင်းလာတဲ့ စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ ခမရ ၂ က တပ်သား ဟိန်းဇော်ဦးကလည်း ဆုချီးမြှင့်ငွေအဖြစ် ကျပ်ငွေ ၁၅ သိန်း ရရှိခဲ့တယ်လို့ ပြောပါတယ်။

“တပ်ထဲမှာ ရှိတဲ့ရဲဘော်တွေကအစ အကုန်လုံးအတွက် ပြောချင်တာက ဘာမှမသိဘဲ လုပ်နေရတဲ့သူလည်း ရှိတယ်၊ နိုင်ငံရေးအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှနားမလည်ဘူး။ အထက်အရာရှိခိုင်းသမျှ လိုက်လုပ်နေရတဲ့သူ၊ မြေစာပင်အဖြစ် ချနင်းခံနေရတယ်ပေါ့။ အဲ့ဒါကို သိတဲ့သူကလည်း သိတယ်။ ဒါပေမဲ့ ရုန်းမထွက်နိုင်ဘူး ဖြစ်နေတယ်ပေါ့။ ဒီဘက်က ကူညီထောက်ပံ့မှုတွေ အများကြီး ရှိနေပါတယ်ပေါ့”

e99917d9-4caa-4cec-a43a-bfff7466af4a.jpeg
CDM လှုပ်ရှားမှုတွင် ပါဝင်လာသည့် ကယားပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက လွိုင်ကော်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရစဉ်။ (Photo: Citizen Journalist)

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုုပ်ရေးဒေသ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့ကနေ ၂ဝ၂၂ သြဂုတ်လ ၁၅ ရက်နေ့မှာ ပြည်သူနဲ့ပူးပေါင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် Diamond Star က လက်ရှိမှာ စစ်ကောင်စီဟာ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေကို ပျူစောထီးတပ်ဖွဲ့တွေလို အဖွဲ့အစည်းတွေ ထူထောင်ဖို့ စည်းရုံးသိမ်းသွင်းနေသလို ရဲတပ်ဖွဲ့ဝင်သစ်တွေ စုဆောင်းရာမှာလည်း ဥပဒေမဲ့လုပ်ဆောင်နေတယ်လို့ သိရှိရကြောင်း RFA ကို ပြောပါတယ်။

“စုဆောင်းတဲ့သူထဲမှာ ရဲမှုထမ်းဟောင်း ဆိုရင် ရဲပင်စင်စားပေါ့။ သူတို့ စုဆောင်း ခိုင်းတာကတော့။ လောင်းကစားနဲ့ ဆက်စပ်နေတဲ့ နှစ်လုံး သုံးလုံး ဒိုင်လုပ်နေတယ်။ ရဲထဲကထွက်ပြီးတော့။ ချဲဒိုင် ကြက်ဝိုင်း အဲဒါတွေကို လုပ်ကိုင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သူတို့က ပြန်စုဆောင်းတာ။ ပြည်သူ့ကာကွယ်ရေးတပ်လိုမျိုး ဖွဲ့စည်းဖို့ လုပ်ဆောင်နေပါတယ်။ ရဲတပ်သားအသစ်က အခုလိုကာလမှာ ဝင်မယ့်သူ မရှိဘူး ။ ဝင်မယ့်သူမရှိတော့ သူတို့က ဘယ်လိုမျိုး စုဆောင်းလဲဆိုရင် သတ်မှတ်ချက်နဲ့ မညီဘူးပေါ့။ ပညာအရည်အချင်းက ရှစ်တန်း မအောင်ဘူး၊ အရပ်က ၅ ပေ ၄ ဆိုရင် ၅ ပေ ၄ မဟုတ်ဘူး။ အကျင့်စာရိတ္တကောင်းမွန်ရမယ်ဆိုလည်း အကျင့်စာရိတ္တကောင်းမွန်တာနဲ့ မညီဘူးပေါ့။ လမ်းဘေးမှာ ရှိတဲ့သူတွေကို ဆွဲဖမ်းပြီးတော့ ရဲတပ်သားသစ် စုဆောင်းနေတယ်။”

တပ်ကြပ်ကြီးအငယ်လေးကတော့ အာဏာရှင်တွေကို ဆန့်ကျင်လိုတဲ့ ပြည်သူ့သားကောင်းတွေအနေနဲ့ အခုအချိန်ဟာ ပြည်သူ့ဘက်ကို ကူးပြောင်းရမယ့်ကာလဖြစ်ပါတယ်လို့ တိုက်တွန်းပါတယ်။

“တော်လှန်ရေးကြီးပြီးသွားတဲ့အချိန်မှာ ဥပေဒအရ အရေးယူခံရတာတွေ ရှိနိုင်ပါတယ်။ အဲဒါက ဘယ်ကို သွားမှာလဲဆိုတော့ IIMM ကနေ စုဆောင်းထားတဲ့ အချက်အလက်တွေအရ ရဲဘော်ကအစ မင်းအောင်လှိုင်အဆုံး ကျူးလွန်သမျှ ပြစ်မှုတွေ အကုန်ခံရမှာပါ။ ကျွန်တော်ပြောချင်တာက ဒီအချိန်သည် ကိုယ်က မလွှဲသာလို့ ကျူးလွန်ခဲ့ရင်တောင်မှ ဒီအချိန်သည် ပြည်သူ့ဘက်ကို ပူးပေါင်းခြင်း အားဖြင့် မိမိရဲ့ အပြစ်တွေကို ဆေးကြောခွင့်ရနေတဲ့ အချိန်ဖြစ်တယ်။ အဲ့ဒီ့အတွက်ကြောင့်မို့လို့ CDM ကို အမြန်ဆုံး ဒီ 2023 မကုန်ခင် ဒီကာလအတွင်းမှာ ပြည်သူ့ဘက်ကို ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်”

တစ်ဆက်တည်းမှာပဲ တပ်ကြပ်ကြီးအငယ်လေးက စစ်ကောင်စီဟာ NDAA အမေရိကန်ကာကွယ်ရေးဥပဒေအရ ပြည်သူ့ဘက်ပြောင်း သူတွေ ခံစားရရှိမယ့် အကျိူးကျေးဇူးတွေကို အောက်ခြေစစ်သည်တွေ မသိအောင်နည်းမျိုးစုံနဲ့ဖုံးကွယ်ပြီး သတင်းမှားတွေနဲ့ ဝါဒဖြန့်နေတယ်လို့ သူတို့အဖွဲ့အနေနဲ့ စုံစမ်းသိရှိရကြောင်းလည်း RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။