ပြည်သူ့ဘက်ကူးပြောင်းတဲ့ ရဲနဲ့ စစ်သားတွေ များလာ

RFA Burmese
2025.02.20
ပြည်သူ့ဘက်ကူးပြောင်းတဲ့ ရဲနဲ့ စစ်သားတွေ များလာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်းတစ်ခုသို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့သည့် စစ်ကောင်စီတပ်သားလေးဦးအား လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဉ်။
Facebook/ Ministry of Defence - National Unity Government of Myanmar

နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ကနေ ထွက်ပြေးလာတဲ့သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်လာတဲ့သူတွေ အခုနောက်ပိုင်း ပိုများလာနေပါတယ်။

ကိုမောင်မောင်လို့ အမည်လွှဲထားတဲ့ ရဲတပ်သားဟာ ချင်းပြည်နယ်နဲ့ ကပ်နေတဲ့ မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုမြို့စခန်းကနေ ထွက်ပြေးလာပြီး ပြည်သူနဲ့ ပူးပေါင်းလိုက်တဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။

သူက စစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့အတွက်ကြောင့် လက်နက်တွေပါယူပြီး ဇန်နဝါရီလ ၃ ရက်နေ့မှာ ပြည်သူ့ဘက်ကို ပြောင်းလိုက်တာပါ။

"ကျွန်တော် ဘီအေ ၆၃ တစ်လက်ရယ်၊ ကျည် ၁၂၅ တောင့်ရယ်၊ ၃၆ ခွဲ ဗုံးတစ်လုံးရယ်၊ နောက်ပြီးတော့ လက်ထိတ်တစ်ကွင်းရယ် ပါလာခဲ့တယ်ဗျ။ နောက်ပြီးတော့ ကျွန်တော့် ဆိုင်ကယ်ရယ်ပေါ့။ အလင်းဝင်တာ တခြား မဟုတ်ဘူး။ စစ်အာဏာရှင်ကိုလည်း မကြိုက်ဘူး။ နောက်ပြီး လူသတ်လက်နက် မကိုင်ချင်ဘူး။ နောက်ပြီးတော့ သူတို့က ရဲတွေဆို အမြဲနှိမ်တာကြောင့်မို့"

သူက ၂၀၁၄ ခုနှစ်မှာ ရဲတပ်ဖွဲ့ထဲဝင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ ပထမဆုံး တာဝန်ကျခဲ့ပါတယ်။ အဲဒီမှာ သုံးနှစ်ခွဲကြာခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ကျောက်ထုမြို့စခန်းကို ပြောင်းခဲ့ရတာပါ။ သူ ပြည်သူ့ဘက်ကိုပြောင်းတာ မလွယ်ခဲ့ပါဘူး။ ပထမတစ်ကြိမ်ထွက်ပြေးတုန်းက အဖမ်းခံရလို့ တာဝန်ပြန်ထမ်းဆောင်ခဲ့ရပြီး ဒုတိယအကြိမ်မှ လွတ်မြောက်ခဲ့တာပါ။ အခုတော့ ကိုမောင်မောင်က ပြည်သူ့ကာကွယ်ရေးတပ်မှာ ကင်းမှူးတာဝန် ယူထားပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် (ပကဖ) ထံသို့ ဆက်သွယ်ဝင်ရောက်လာသည့် ရဲတပ်သားအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားစဉ်။ (Photo: Facebook/ Ministry of Defence - National Unity Government of Myanmar)
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် (ပကဖ) ထံသို့ ဆက်သွယ်ဝင်ရောက်လာသည့် ရဲတပ်သားအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားစဉ်။ (Photo: Facebook/ Ministry of Defence - National Unity Government of Myanmar)

ကိုမောင်မောင်လိုပဲ ထွက်ပြေးလာတဲ့သူတစ်ဦးကတော့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) လက်အောက်ခံ တပ်ရင်း၊ မင်းတပ်အခြေစိုက် ခြေလျင်တပ် ခလရ (၂၇၄) က ကိုလှမောင်လို့ အမည်လွှဲထားတဲ့ တပ်ကြပ်ပါ။ မင်းတပ်မြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာ သူ့အရာရှိက အရင်ဆုံး စခန်းကိုစွန့်ပြီး ထွက်ပြေးသွားတဲ့အတွက် သူလည်းပြေးခဲ့တာလို့ ပြောပြပါတယ်။

"သူက အရင်ဆုတ်ပြေးသွားတော့ ကျွန်တော်တို့မှာ သူမရှိတော့ ကျွန်တော်တို့ကလည်း နောက်မှ လိုက်ဆုတ်ပြေးရတယ်။ သုံးမိုင်ဂိတ် အောက်ဘက်ကနေ ဆင်းပြေးလာတာ။ ကျွန်တော်တို့ စပြေးလာတော့ တောထဲမှာ ဘာမှ မစားရဘူး။ ကျွန်တော်တို့ကတော့ လေယာဉ်က ချပေးတဲ့ ရှူးရှဲနဲ့ပဲ စားရတယ်။ သူတို့ကတော့ လေယာဉ်က ချပေးတဲ့ အသားဘူး၊ ငါးဘူးတွေ၊ ဆိတ်ကလီစာတွေ ဘာတွေနဲ့ စားရတယ်။ စားစရာ သောက်စရာက မရှိ။ အချိုမုန့်တောင် မစားရဘူး။ အထဲမှာဆိုရင် အကုန်ပြတ်ပြီးတော့ ဘာမှမရှိတော့ဘူး။ အခက်အခဲကတော့ လစာတောင် အလျင်မီအောင် မရဘူး။ အဲဒါမျိုးကျ အခက်အခဲတွေ ရှိတာပေါ့။ မိသားစုတွေထဲကတော့ ခက်ခဲတာပေါ့"

ကိုလှမောင်က စစ်မှုထမ်းသက် ၂၆ နှစ်ရှိပြီး ဇန်နဝါရီလ ၂၀ ရက်နေ့က ထွက်ပြေးလာတာပါ။ သူရတဲ့ လစာ သုံးသိန်းခွဲထဲကနေ တစ်လကို အသက်အာမခံကြေး ၈၅၀၀ ကျပ် ပေးသွင်းရပြီး၊ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီကို လူပျိုဆိုရင် ငါးသောင်းကျပ်၊ အိမ်ထောင်သည်ဆိုရင် တစ်သောင်းကျပ် လစာထဲက အဖြတ်ခံရတယ်လို့ ပြောပါတယ်။

ကိုလှမောင်လိုပဲ ဂန့်ဂေါခရိုင်၊ မြစ်သာဆည်ဓာတ်အားခွဲစက်ရုံမှာ စစ်ကောင်စီတပ်နဲ့အတူတူ လုံခြုံရေးချထားတဲ့စခန်းက ကိုကျော်ကျော်လို့ အမည်လွှဲထားတဲ့ အသက် ၂၉ နှစ်အရွယ် ရဲတပ်သားလည်း ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြည်သူနဲ့ ပူးပေါင်းခဲ့ပါတယ်။

စစ်တပ်နဲ့အတူ တာဝန်ကျတဲ့ ရဲတွေကို စစ်တပ်အရာရှိတွေက မယုံကြည်ဘူးလို့ ထွက်ပြေးလာတဲ့ ကိုလွင်လို့ အမည်လွှဲထားတဲ့ ရဲတပ်သားက ပြောပါတယ်။

"တစ်ခုခုဆို မင်းတို့ ရဲတွေကြောင့် သတင်းပေါက်တာ အဲဒီလိုပဲ ပြောတာဗျ။ ကျန်တာက ဟိုလိုမျိုး၊ ငါ့ညီ ဘယ်လိုလုပ်ရအောင်ဆိုတာမျိုးတော့ မရှိဘူးဗျ။ သူတို့လုပ်ချင်တာရှိလို့ရှိရင် ဟေ့ကောင် ဘယ်သွားရမယ် ဘယ်အချိန် ဘယ်လိုအသင့်ပြင်ထား ဒီလိုပဲပြောတာဗျ။ ဟိုလိုမျိုး ညှိနှိုင်းတာမျိုး မရှိဘူး။ အမိန့်ပေးတာပဲ ရှိတယ်။ အဲဒီလိုမျိုးဗျ။ ကျွန်တော်တို့ ရှေ့တန်းစခန်းမှာ ပြောပြီးသားဗျ။ ပြေးချင်ရင်တော့ ပြေး၊ မမိစေနဲ့။ မိရင်တော့ အသေ။ အဲဒီလို ပြောထားတာဗျ။ အဲဒါဆိုတော့ နည်းနည်းတော့ စွန့်စားရတာပေါ့။ သတ္တိတော့ တော်တော်မွေးရတာပေါ့"

ကိုလွင်က ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ရဲတပ်ဖွဲ့ထဲကို ဝင်ခဲ့တဲ့အတွက် လုပ်သက် ရှစ်နှစ် ရှိခဲ့ပါတယ်။ အခုတော့ လက်နက်နဲ့အတူ တော်လှန်ရေးအဖွဲ့ထဲကို ဝင်ခဲ့တာလို့ ပြောပါတယ်။ နေမကောင်းတဲ့အခါ ဆေးဝါး ပြည့်ပြည့်စုံစုံမရတာ၊ ဘန်ကာကတုတ်မြေကျင်းထဲမှာ တစ်နှစ်ကျော်နေခဲ့ရတာတွေကြောင့် ကိုလွင်ဟာ လေဖြန်းပြီး ခြေထောက်တစ်ဖက် မသန်တော့ပါဘူး။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့မှာ ရိက္ခာမလုံလောက်တာကလည်း ပြဿနာကြီးတစ်ရပ်ဖြစ်နေတာ တွေ့ရပါတယ်။

အသက် ၂၉ နှစ်အရွယ် ကိုမင်းမင်းလို့ အမည်လွှဲထားတဲ့ ရဲတပ်သားဟာ ပေါက်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေခဲ့တုန်း သူတို့မှာ စားနပ်ရိက္ခာပြတ်နေတဲ့အကြောင်း အထက်အရာရှိတွေကို သတင်းပို့ခဲ့ပေမဲ့ ပြေလည်အောင် မဖြေရှင်းပေးပါဘူး။ ဒါကြောင့် အသက်မသေရုံတမည် စားသောက်နေထိုင်ခဲ့ရပြီးတဲ့နောက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ ပူးပေါင်းလိုက်တာလို့ ပြောပြပါတယ်။

"သူတို့ လာပို့မှ စားရမှာဗျာ၊ ကျွန်တော်တို့မှာက စားနပ်ရိက္ခာ ပြတ်တောက်မှုတွေ အများကြီး ကြုံခဲ့ရတယ်။ ကိုယ့်အသက်ရှင်ဖို့ပေါ့။ မဖြစ်ဖြစ်ရာတွေကို စားသောက်ပြီးတော့ နေခဲ့ရဖူးတယ်။ ငှက်ပျောအူ စားပြီးတော့ အသက်ရှင်ခဲ့ရတာမျိုး။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အကောင်ဗလောင်တွေကို သတ်ပြီး စားခဲ့ရတာမျိုး၊ အသက်မသေရုံတမည်ပဲ"

ကိုမင်းမင်းက ရဲတပ်ဖွဲ့ကို ၂၀၁၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့မွာ ဝင်ခဲ့ပြီး လုပ်သက် ဆယ်နှစ်နီးပါး ရှိခဲ့ပေမဲ့ ရာထူးတိုးတာမရှိဘူးလို့ ဆိုပါတယ်။ ဒီကာလအတွင်းမှာလည်း စစ်တပ်အရာရှိတွေရဲ့ ဗိုလ်ကျ အနိုင်ကျင့်တာနဲ့ ဖိနှိပ်မှု အမျိုးမျိုးကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ ပြောပါတယ်။

"ငှက်ပျောအူ စားပြီးတော့ အသက်ရှင်ခဲ့ရတာမျိုး။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အကောင်ဗလောင်တွေကို သတ်ပြီး စားခဲ့ရတာမျိုး၊ အသက်မသေရုံတမည်ပဲ"

စစ်ကြောင်းထိုးတဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေ၊ ရွာသားတွေကို လူသားဒိုင်းကာအနေနဲ့ ရှေ့ကသွားခိုင်းသလို အဲဒီလူတွေကို ရဲစခန်းထဲအထိ ခေါ်လာတာမျိုးတွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။

သူတို့လို အောက်ခြေ ရဲဝန်ထမ်းတွေ မကြာခဏ ထွက်ပြေးလာကြတာရှိတယ်လို့ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ ထန်းမောင်းက ပြောပါတယ်။

"သုံးလ တစ်ကြိမ် နှစ်လတစ်ကြိမ် အဲဒီလိုလေးတွေ ကြိုးကြားကြိုးကြားတော့ ပြေးလာကြတယ်။ သေနတ် မပါတဲ့သူနဲ့၊ ပါတဲ့သူနဲ့။ အဲလိုလေးတွေ ကြိုးကြားကြိုးကြား နီးစပ်ရာ သူ့ဆွေမျိုး ကိုယ့်ဆွေမျိုး၊ သူ့အဖွဲ့ ကိုယ့်အဖွဲ့မှာ ချိတ်ဆက်ဝင်ကြတော့ ကျွန်တော်တို့ တစ်ဖွဲ့ထဲမှာ ဝင်လာတာတော့ မဟုတ်ဘူး။ အဲလိုလေးတွေတော့ ရှိတယ်။ အဓိက ရုန်းထွက်ဖို့ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပေါ့နော်၊ ပိုပြီးတော့ အကျပ်ရိုက်တယ်"


ဆက်နွှယ်သောသတင်းများ

NUG လက်အောက်မှာ တာဝန်ပြန်ထမ်းတဲ့ CDM တပ်သားနဲ့ ရဲ ငါးရာကျော်ရှိ

ဇန်နဝါရီ တစ်လအတွင်း စစ်ကောင်စီတပ်သား တစ်ရာကျော် ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံ

စစ်မှုထမ်းသစ် ၃၁ ဦးကို ခေါ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ ပြော


စစ်ကောင်စီတပ်ဖွဲ့တွေမှာ ထွက်ပြေးတဲ့သူ အရင်ထက် ပိုများလာရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို၊ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်ထဲမှာ အခွင့်အရေးရတာနဲ့ ထွက်ပြေးလာကြမဲ့သူတွေရှိတယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

"စစ်တပ်ထဲမှာက ပြောရမယ်ဆို ဝင်ပြီးရင်ကိုပဲ သူ့ရဲ့ မူလစိတ်ခံကကိုပဲ ထွက်ချင်တယ်ပေါ့နော်။ အခုလိုမျိုး အနေအထားမျိုးမှာ လုံးဝ စစ်ကလည်း ရှုံးတယ်။ စစ်ကလည်း ပန်းတယ်။ ပြီးရင် ပြည်သူနဲ့ ပြန်ပြီးတော့ တိုက်ခိုက်နေရတဲ့ဟာမျိုးတွေ၊ ဒါမျိုးတွေက အမှန်အတိုင်းပြောရရင် ဘယ်သူမှ မလုပ်ချင်ဘူးပေါ့နော်။ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့်သာ မလွှဲသာ မရှောင်နိုင်ဘဲ လုပ်နေရတာပေါ့။ ဒါကြောင့် ထွက်ပြေးလာကြတာပါ။ နောင်လည်း ထွက်ပြေးဦးမှာပါဗျ"

၂ဝ၂၄ ခုနှစ် တစ်နှစ်တည်းမှာပဲ ရဲနဲ့ စစ်သား ၅၆၇ ဦး CDM လှုပ်ရှားမှုမှာ ပါဝင်လာပြီး သူတို့ထဲမှာ ဒုဗိုလ်မှူးကြီး ငါးဦးနဲ့ ဗိုလ်မှူး ၄၂ ဦး ပါဝင်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဘက်တွေမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီ ပူးပေါင်းသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အခုနောက်ပိုင်း ပိုများလာတာ တွေ့ရပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် KNLA တပ်ရင်း (၉) ထံ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လှုပ်ရှားမှုမှာ ပါဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ Karen National Union)
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် KNLA တပ်ရင်း (၉) ထံ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လှုပ်ရှားမှုမှာ ပါဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ Karen National Union)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ ကရင်လွတ်မြောက်ရေးတပ်မေတာ် (KNLA) နဲ့ မဟာမိတ်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ (၃၁) ဗျူဟာကို ဇန်နဝါရီလထဲမှာ စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးက တပ်သား လေးဆယ်ကျော် အလင်းဝင်လာတယ်လို့ ဗျူဟာတာဝန်ရှိသူက RFA ကို ပြောထားပါတယ်။

ကယားပြည်နယ်မှာလည်း စစ်ကောင်စီတပ်သား ခုနစ်ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရွားမှု (CDM) မှာ ပူးပေါင်းလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဇန်နဝါရီလ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ လွိုင်ကော်မြို့နယ်မှာ အဓမ္မ စစ်သားစုဆောင်းခံခဲ့ရတဲ့ တပ်သား လေးဦး ဇန်နဝါရီလ ၂၉ ရက်နေ့မှာ လက်နက်သုံးလက်နဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ Loikaw Local PDF က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းမှာလည်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှာ လုံခြုံရေးတာဝန်ကျနေတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် လေးဦးကလည်း လက်နက်တွေယူပြီး ထွက်ပြေးလာတယ်လို့ ယင်းမာပင်မြို့နယ်အခြေစိုက် Union Liberation Front (ULF စစ်ကြောင်း) က ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။