ဝေါလေရဲစခန်းက ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် စစ်ကောင်စီလက်ထဲ မပြန်ချင်
2023.01.03

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါလေမြို့ ရဲစခန်းကနေ တိုက်ပွဲအတွင်း PDF တွေဖမ်းဆီးလာတဲ့ ရဲတပ်ဖွဲ့ဝင် ငါးဦးကို နယ်ခြားဒေသတစ်နေရာရှိ ကော်သူးလေတပ်မတော် ဌာနချုပ်မှာ လက်ရှိချုပ်နှောင်ထားပါတယ်။
သူတို့ကို နှစ်ထပ်အဆောက်အဦးကြီးတစ်ခုရဲ့ အောက်က ၁ဝ ပေ ပတ်လည်လောက်ရှိတဲ့ မြေစိုက်အခန်းတစ်ခုအတွင်းမှာ ထည့်ထားတာကို မြင်ခဲ့ရပြီး သူတို့နဲ့အတူ ပါလာတဲ့ မိသားစုဝင်တွေကိုတော့ တခြားနေရာတစ်ခုမှာ နေထိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ စခန်းတာဝန်ရှိသူတွေက တွေ့ဆုံခွင့်ပြုတဲ့အတွက် သူတို့ ၅ ဦးအနက်က တပ်ဖွဲ့ဝင် ကိုဝင်းထွန်းဦး ဆိုသူကို အဆောက်အဦးရဲ့အပြင်ဘက်တစ်နေရာမှာ RFA က ခုလိုမေးမြန်းခဲ့ပါတယ်။
မေး။ ။ နောင်ကြီးနာမည်က ဘယ်လိုခေါ်သလဲ ခင်ဗျ။
ဖြေ။ ။ ဝင်းထွန်းဦး
မေး။ ။ ကိုဝင်းထွန်းဦး က ဘယ်အဖွဲ့အစည်းကလဲ ခင်ဗျ။
ဖြေ။ ။ ရဲ က။ ပထမ ရခိုင်။ ရခိုင်က ပြောင်းလာပြီး ဝေါလေ ရဲစခန်းရောက်တယ်။ ၆ လပိုင်း ၁၃ ရက်နေ့က အဖမ်းခံရတယ်။ ကျွန်တော်တို့ကို လာတိုက်တယ်။ ကျွန်တော်တို့က လက်နက်ချတယ်။ ကောင်းကောင်းမွန်ဆက်ဆံတယ်။ ကောင်းကောင်းမွန်မွန်ကျွေးတယ်။
မေး။ ။ ညှဉ်းပန်းနှိပ်စက်တာမျိုးတွေရှိလား။
ဖြေ။ ။ မရှိပါဘူး။ ညှဉ်းပန်းနှိပ်စက်တာမရှိဘူး၊ ရိုက်တာ နှက်တာလည်းမရှိဘူး။ ကျွန်တော်တို့ကို ကောင်းကောင်းမွန်မွန်ပဲ ထားပေးထားတယ်။
မေး။ ။ အစားအသောက်ကော ဝဝလင်လင်စားရလား။
ဖြေ။ ။ စားရတယ်။ အစားအသောက်လည်း မနက်ထမင်းကြမ်းစားရတယ်၊ နေ့လယ် ထမင်းစားရတယ်။ ညနေထမင်းစားတယ်။ တစ်ခါတစ်လေကျရင် မုန့်တွေ ဘာတွေ အချိုရည်ဝယ်ပေးကြတယ်။
မေး။ ။ ခင်ဗျားတို့ အခုလို အဖမ်းခံရတာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုစိတ်ထဲမှာ ရှိလဲ။
ဖြေ။ ။ ကျွန်တော်တို့ကတော့။ အဲဒါ မပြောတတ်တော့ဘူး။ ဟိုဘက်ကလည်းလွတ် ဒီဘက်ကျတော့ အရပ်သားလုံးလုံးဖြစ်သွားပြီပေါ့။ ကျွန်တော်တို့က ဘာစိတ်မှလည်း မရှိတော့ဘူး။
မေး။ ။ ဒီအာဏာသိမ်းတဲ့ ကိစ္စကို ဘယ်လိုမြင်လဲ။
ဖြေ။ ။ကျွန်တော်တို့ အဲဒါကြီးက လုံးလုံး ဟိုဘက်မှာလည်း မသိခဲ့ရတော့ ဝေါလေရောက်တော့ တစ်နှစ်တောင် မပြည့်လိုက်ဘူး။ ဒီရောက်လာတာ။ သိပ်နားမလည်လိုက်ဘူး။
မေး။ ။ ခင်ဗျား မိသားစုက ဘယ်မှာလဲ။
ဖြေ။ ။ ကျွန်တော် မိသားစုပါတယ်။ ဒီမှာပဲ။ ဟိုဘက်မှာနေတယ်။
မေး။ ။ ကလေး ဘယ်နှစ်ယောက်ရှိလဲ။
ဖြေ။ ။ကျွန်တော် ကလေး မိန်းကလေး တစ်ယောက်ပါလာတယ်။
မေး။ ။ ခင်ဗျားတို့ အခု ဒီမှာ ဘာဖြစ်ချင်လဲ။
ဖြေ။ ။ကျွန်တော်တို့ကတော့ အလုပ်ပဲ လွတ်လွတ်လပ်လပ် ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားပြီးတော့ နေချင်တာပေါ့။ ဟိုဘက်မှာ။
မေး။ ။ ခင်ဗျားတို့ ဒီကပြန်လွှတ်ပြီး ဟိုဘက်မှာ ရဲတပ်ဖွဲ့မှာ ပြန်အမှုထမ်းချင်လား မထမ်းချင်ဘူးလား။
ဖြေ။ ။ အမှုထမ်းချိန်မရှိတော့ဘူး။ ကျွန်တော်တို့ကို ထောင်ချမယ်။ ထောင်ချရင်ချ မချရင် တပ်မတော်က သတ်ပစ်မှာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်က သွားရင် သူလျှိုပုံစံမျိုး သူတို့က သတ်မှတ်မှာ။ ဒီကတော့ ကောင်းကောင်းမွန်မွန်လွှတ်ပေးမှာ။ ညီလေး သွားတော့ဆိုပြီး လွှတ်ပေးလိုက်ရင် ဟိုရောက်ရင် ကျွန်တော်တို့က ဟိုရောက်ရင် အဲ့လိုပုံစံဖြစ်မှာ။
မေး။ ။ အဲ့တော့ ခင်ဗျား ဒီကလွှတ်ပေးရင် ဘာလုပ်မလဲ။
ဖြေ။ ။ ကျွန်တော်တို့ကတော့ အလုပ်ပဲ။ ရတဲ့ အလုပ်လေးပဲ လုပ်ချင်တာ။
မေး။ ။ ခင်ဗျားမြန်မာပြည်သူတွေ ဘာများပြောချင်လဲ။ စိတ်ထဲရှိတဲ့ အတိုင်းပြောပါ။
ဖြေ။ ။ ပြည်သူလူထုတော့ ဒီလွတ်လပ်ရေး အောင်မြင်အောင် တိုက်ကြပါလို့ပဲ ပြောချင်ပါတယ်။
မေး။ ။ ဒါနဲ့ ခင်ဗျားက ဘယ်ဇာတိလဲ။
ဖြေ။ ။ ဖျာပုံ ဧရာဝတီတိုင်း။

ကိုဝင်းထွန်းဦးရဲ့အသားအရည်တွေက ဝါဖန့်ဖန့်ဖြစ်နေပြီး သူ့ကိုကြည့်ရတာ အိပ်ရေးမဝသူတစ်ဦးနဲ့ အလားသဏ္ဍန်တူပါတယ်။ အလွန်အမင်း စိတ်ဆင်းရဲနေမှန်းလည်း သိသာလှပါတယ်။ သူ့ဇနီးနဲ့ ရှစ်လအရွယ် သမီးငယ်လေးကိုတော့ မတွေ့ခဲ့ရပါဘူး။ သူ့သမီးငယ်လေး နှစ်လသားအရွယ်မှာ သူတို့ ဒီနေရာကို ရောက်ရှိလာခဲ့ကြတာပါ။ ရဲစခန်းကို သိမ်းပိုက်ချိန်မှာ သူ့ဇနီးဖြစ်သူကပါ လိုက်ချင်တယ်ပြောလို့ PDF တွေက ခေါ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ရဲတပ်ဖွဲ့ဝင် ငါးဦးနဲ့ သူတို့မိသားစုဝင်တွေကို ဘယ်လိုဆက်လက်အရေးယူမှာလဲ၊ ပြန်လွှတ်မှာလားလို့ ဆင်ဖြူစစ်ကြောင်းမှူး ဗိုလ်မှူးကြီး စောစလုံးကို မေးမြန်းတဲ့အခါ သူတို့ကို လွတ်ပေးဖို့ သူ့အထက် အကြီးအကဲတွေကို တင်ပြထားပေမယ့် အခုအထိတော့ အဖြေမရသေးဘူးလို့ ပြောပါတယ်။
“အမှန်အတိုင်းပြောတာ။ သူတို့ကို လေးငါးခါရှိနေပြီ ကျွန်တော်ပြောတာ။ အဲဒီလူတွေကို မင်းတို့လွတ်လိုက်၊ သူတို့ကို မင်းတို့ဘာလို့ ခြောက်ပေါက်ထဲ ထည့်သလဲ။ သူတို့ အိမ်ပြန်ချင်လား။ တော်လှန်ရေးနဲ့ ပူးပေါင်းမလား။ ထိုင်းနိုင်ငံသွား အလုပ်လုပ်ချင်သလား။ သူတို့ ကြိုက်တဲ့နေရာ ပေးသွားလိုက်။ သူတို့လည်း အားငယ်မှာပေါ့။ ကိုယ့်ညီအစ်ကိုတွေပဲ၊ ဒီလို မလုပ်နဲ့။ အပြစ်ပေးချင်ရင် တစ်ပတ်၊ တစ်လ ပေါ့။ အခုဟာက ဘယ်နှလရှိနေပြီလဲ။ သူတို့ကို ဒီလိုထားတာ။ အဲဒီလို မလုပ်ရဘူး။ သူတို့လည်း သူတို့အိမ် မပြန်ရဲတော့ဘူး။ ကြောက်တယ်။ ကျွန်တော်လည်း သူတို့ သနားတယ်။”
ဗိုလ်မှူးကြီး စောစလုံးကတော့ အဲဒီရဲဝန်ထမ်းတွေနဲ့ သူတို့မိသားစုဝင်တွေဟာ တော်လှန်ရေးအတွက် အန္တရာယ်မရှိပါဘူးလို့ ဆိုပါတယ်။ အထက်လူကြီးတွေကို သူထပ်မံပြောဆိုဦးမယ်လို့လည်း ပြောပါတယ်။ အခုဖမ်းဆီးခံနေရသူတွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲသတင်းကို သိရှိရတဲ့အခါ RFA ကထပ်မံ တင်ပြပါမယ်။