အင်တာနက်မရှိတဲ့ဒေသတွေ NUG အွန်လိုင်းရဲစခန်းမှာ အမှုဖွင့်ဖို့ ခက်ခဲ

ဇင်မာဝင်း(ဝါရှင်တန်ဒီစီ)
2023.01.24
အင်တာနက်မရှိတဲ့ဒေသတွေ NUG အွန်လိုင်းရဲစခန်းမှာ အမှုဖွင့်ဖို့ ခက်ခဲ CDM မှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဆန္ဒပြစဥ်။
RFA

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကျုးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပြည်သူအချင်းချင်းကျုးလွန်တဲ့ ရာဇဝတ်မှုတွေကို E-Police Station အွန်လိုင်းရဲစခန်းမှာ တိုင်ကြားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ၂၀ ရက်နေ့မှာ ကြေညာခဲ့တာပါ။

၂ဝ၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ မတရားမှုတွေ၊ ရာဇဝတ်မှုတွေမှန်သမျှ သတင်းပေးတိုင်ကြားနိုင်တယ်လို့ NUG လက်အောက်က ပြည်သူ့ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇွဲမာန်က ပြောပါတယ်။

“စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ အဂတိလိုက်စားမှုတွေ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ မှုခင်းတွေ၊ နိုင်ငံသားတွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေ၊ မတရားဖမ်းဆီး သတ်ဖြတ်မှုတွေ၊ အဲဒီအမှုတွေမှာပူးပေါင်းပါဝင်ပြီး ဆောင်ရွက်နေတဲ့ သတင်းပေးတွေ၊ နိုင်ငံပိုင်ပစ္စည်း မြေယာတွေကို စစ်ကောင်စီရဲ့အဖွဲ့တွေက ကိုယ်ကျိုးအတွက် သုံးစွဲတာတွေ။ တော်တော်များများပါပါတယ်။ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ကျူးလွန်တဲ့ ဘယ်ပြစ်မှုမဆို မကျန်ခဲ့ရဘဲ နစ်နာသူတွေရဲ့ နစ်နာမှုအတိုင်း တရားမျှတမှု ပြန်လည်ရရှိဖို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။”


အွန်လိုင်းရဲစခန်းကို နစ်နာသူကိုယ်တိုင် ဒါမှမဟုတ် မိဘညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းတွေအပြင် မတရားမှုကို မျက်မြင်တွေ့ရှိသူတွေကိုယ်တိုင် တိုင်ကြားနိုင်တယ်လို့ ကြေညာထားပါတယ်။

အွန်လိုင်းရဲစခန်းကို ဘယ်လိုဆက်သွယ်တိုင်ကြားနိုင်လဲဆိုတာကို သူက အခုလို ရှင်းပြပါတယ်။

“ဖေ့ဘွတ်စ်မှာ E-Police Station MOHAI NUG ဆိုတဲ့ ဖေ့ဘွတ်စ်ပေ့ချ်ရှိပါတယ်။ အဲဒီကမက်ဆင်ဂျာကတဆင့် ဆက်သွယ်ရမှာဖြစ်ပါတယ်။ မက်ဆင်ဂျာကို သွားတဲ့အခါ E-Police နဲ့ ပတ်သက်တာတွေ အမှုအခင်းတွေအကြောင်း ရေးထားတာတွေရှိတယ်။ အမှုဖွင့်တိုင်ကြားရုံပဲဆိုရင် အဲဒါလေးကို နှိပ်လိုက်ရင် လိုအပ်တဲ့အချက်လေးတချို့ ဖြည့်ပြီးရင် ထပ်မံဆက်သွယ်ရမယ့်ဟာတွေ ပေးပြီး အဲဒီကတဆင့် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

တယ်လီဖုန်းနဲ့ ဆက်သွယ်မယ်ဆိုရင် ပြည်သူတွေ လုံခြုံမှုမရှိသလို အန္တရာယ်များတဲ့အတွက် အင်တာနက်အွန်လိုင်းကနေသာ အမှုတွေကို လက်ခံတာဖြစ်တယ်လို့ ကိုဇွဲမာန်က ပြောပါတယ်။

အွန်လိုင်းကနေပဲ အမှုဖွင့်တိုင်ကြားနိုင်တာဖြစ်လို့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ဒေသတွေက ပြည်သူတွေအတွက် အခက်အခဲရှိတယ်လို့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုလို ဖွင့်လိုက်တာ ကောင်းပါတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ အွန်လိုင်းမက်ဆင်ဂျာကနေ သုံးပြီး တိုင်တန်းမယ်ဆိုရင် အဆင်မပြေဘူး။ လိုင်းရတဲ့ဒေသတွေမှာဆိုရင်တော့ အဆင်ပြေနိုင်တာပေါ့။ မြေပြင်မှာလည်း တိုင်ကြားလို့ရတယ်ဆိုပေမယ့် အဲဒီလိုမတိုင်ချင်လို့ အွန်လိုင်းကနေပဲ တိုင်မယ်ဆိုရင် အင်တာနက်လည်း မရဘူး ဖုန်းလိုင်းလည်း တအားအခက်အခဲဖြစ်နေတဲ့ရပ်ဝန်းတွေရှိတော့ ထိရောက်မှုတော့ နည်းမယ်ထင်ပါတယ်။ အွန်လိုင်းဆိုရင်က ကျွန်တော်တို့အတွက် အရမ်းအလှမ်းဝေးလွန်းတာပေါ့”

စစ်ကောင်စီက ကချင်၊ ကယား၊ ချင်း၊ ရခိုင်ပြည်နယ်တွေအပြင် စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းတို့က မြို့နယ်အတော်များများကို အင်တာနက် ဖြတ်တောက်တာ ဒါမှမဟုတ် အင်တာနက်မြန်နှုန်းလျှော့ချထားသလို ဖုန်းလိုင်းကိုပါ ဖြတ်တောက်ထားတဲ့ ဒေသတွေလည်း ရှိပါတယ်။

NUG က အခုလို အွန်လိုင်းရဲစခန်းဖွင့်လှစ်ပြီး စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို တိုင်ကြားနိုင်တယ်လို့ ကြေညာလိုက်တဲ့အပေါ် စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ နှစ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

အင်တာနက်မရတဲ့ဒေသတွေထဲက NUG ထိန်းချုပ်နယ်မြေတွေမှာဆိုရင်တော့ NUG လက်အောက်က ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေကတဆင့် အမှုဖွင့်တိုင်ကြားနိုင်တယ်လို့ ကိုဇွဲမာန်က ပြောပါတယ်။

လက်ရှိ NUG စိုးမိုးမှုမရှိသေးတဲ့နယ်မြေတွေက မတရားမှုတွေကိုတော့ စုံစမ်းပြီး မပျောက်ပျက်အောင် မှတ်တမ်းတွေ တင်ထားမှာဖြစ်သလို အရေးယူနိုင်တဲ့အခြေအနေရောက်အောင် ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။

တိုင်ကြားမယ့် ပြည်သူတွေရဲ့ လုံခြုံရေးအတွက် မစိုးရိမ်ရအောင် စီစဉ်ထားတယ်လို့လည်း သူက ပြောပါတယ်။

“ကျွန်တော်တို့ E-Police Station အနေနဲ့ ပြည်သူတွေရဲ့ နစ်နာမှုတွေကို တရားမျှတမှုရဖို့ ရည်ရွယ်ထားတာဖြစ်တယ်။ ဘယ်အချိန်မဆို တိုင်နိုင်တယ်။ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက်ရင် ဒါတွေကို အရေးယူသွားမှာ။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြားထဲကနေ ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ သတင်းပေးတိုင်ကြားဖို့ တိုက်တွန်းချင်တယ်။ ပြည်သူတွေရဲ့ နစ်နာမှုတွေကို ပြန်လည်ဖော်ဆောင်ဖို့ရယ် တိုင်တဲ့ပြည်သူတွေရဲ့ လုံခြုံမှုအတွက် ကျွန်တော်တို့ တာဝန်ယူဆောင်ရွက်သွားမှာပါ။ မှတ်တမ်းတွေ မပျောက်ပျက်အောင် ကျွန်တော်တို့ ထိန်းသိမ်းထားမှာပါ။”

တော်လှန်ရေးအဖွဲ့တွေဘက်က လုပ်ရပ်တွေကြောင့် ပြည်သူတွေအပေါ် နစ်နာခဲ့တဲ့ကိစ္စတွေကိုတော့ အွန်လိုင်းရဲစခန်းက လက်ခံဆောင်ရွက်မှာ မဟုတ်ဘဲ သတင်းပေးလာမယ်ဆိုရင်တော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ပြန်လည်လွှဲပြောင်းပေးမယ်လို့ သူက ဆိုပါတယ်။

NUG ပြည်သူ့ရဲတပ်ဖွဲ့ လက်အောက်မှာ မြို့နယ်ရဲတပ်ဖွဲ့ ငါးခု ဖွဲ့စည်းထားပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အမှုတွေ ရာနဲ့ချီ လက်ခံဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

အာဏာမသိမ်းခင်အထိ တစ်နိုင်ငံလုံးမှာ ရဲတပ်ဖွဲ့ဝင် အင်အား ခုနစ်သောင်းရှိပြီး အာဏာသိမ်းပြီးနောက်ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ CDM ရဲတပ်ဖွဲ့ဝင် တစ်သောင်းနီးပါးရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ဘက် ကူးပြောင်းလာတဲ့ CDM ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ကို NUG က ပြီးခဲ့တဲ့နှစ် ဇွန်လက ဖွဲ့စည်းခဲ့ပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေကိုတော့ မေလမှာ ပြဌာန်းခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့၊ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ ဥပဒေမဲ့ညှဉ်းပန်းနှိပ်စက်မှုတွေ၊ မီးရှို့ဖျက်ဆီးတာ၊ လုယက်တာ၊ မုဒိမ်းကျင့်တာ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်တာတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့၊ အာဏာသိမ်းကာလအတွင်း နိုင်ငံတော်ပိုင်မြေပေါ် မြေအောက် သဘာဝသယံဇာတတွေကို ကိုယ်ကျိုးအတွက် အသုံးပြုတာတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

ဒါ့အပြင် ပြည်သူအချင်းချင်းကြား ဒုစရိုက်မှုတွေနဲ့ တရားမဲ့ပြုကျင့်မှုတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း တားဆီးသွားမှာဖြစ်ပြီး တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးယုံကြည်အားကိုးလက်ခံတဲ့၊ ပြည်သူတွေအပေါ် ဥပဒေနဲ့အညီ ဝန်ဆောင်မှုပေးတဲ့ ပြည်သူလေးစားတန်ဖိုးထားတဲ့ ရဲတပ်ဖွဲ့ပေါ်ပေါက်လာစေဖို့ ရည်ရွယ်တယ်လို့လည်း ဆိုထားပါတယ်။

အွန်လိုင်းရဲစခန်းကနေ ပြည်သူတွေရဲ့ နစ်နာမှုတွေအတွက် တရားမျှတမှု ပြန်လည်ရရှိဖို့ NUG က ဆောင်ရွက်တာကို ပြည်သူတွေက လက်ခံကြိုဆိုကြပေမယ့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်ကြသလို ဘယ်လောက်ထိရောက်မှုရှိမလဲဆိုတာကိုလည်း စောင့်ကြည့်ရမယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။