ထောက်ပံ့ကြေး မလုံလောက်တာကြောင့် CDM ရဲနဲ့ စစ်သည်အချို့ အခက်အခဲဖြစ်နေ
2023.03.20

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ရဲနဲ့ စစ်သည် တစ်သောင်းနှစ်ထောင် ကျော်ဟာ အချိန်ကြာလာတာနဲ့အမျှ အခက်အခဲမျိုးစုံကို ကြုံတွေ့ နေရတယ်လို့ ကာယကံရှင် (CDM) ဝန်ထမ်းတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းအရ စစ်တပ်အာဏာ သိမ်းထားတဲ့ အချိန် နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက စစ်သည်အရာရှိ ၃၂၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် ကိုးထောင်ကျော် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေပါတယ်။
အများစုက နယ်စပ်ဒေသတစ်လျှောက်နဲ့ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာ ခိုလှုံနေပြီး ထောက်ပံ့ကြေးအနည်းငယ်ရပေမယ့် လုံလောက်မှု မရှိတာကြောင့် မိသားစုပါလာတဲ့ (CDM) ဝန်ထမ်းတွေ စားဝတ်နေရေး အခက်အခဲရှိလာတာပါ။
လစဉ် ထောက်ပံ့ကြေးနှစ်သိန်း ရရှိပေမယ့် သားသမီး လေးဦး အတူပါလာတာမို့ စားဝတ်နေရေးအတွက် အတော်ခက်ခဲတယ်လို့ ရေတပ် CDM ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးသန့်ရဲ့ ဇနီးဖြစ်သူ မတင်မြင့် က ပြောပါတယ်။
"အခုလောလောဆယ်မှာကတော့ ထောက်ပံ့မှု မြန်မာငွေ နှစ်သိန်းနဲ့ လုံလောက်မှု ရှိအောင်လို့ စားသောက်နေရတယ်ပေါ့။ သားသမီးတွေ များတဲ့အခါကျတော့ တော်တော်လေးကို ခက်ခဲပါတယ်။ အဆင်မပြေမှု တွေ များတယ်၊ ဒါပေမဲ့လည်း ကိုယ်က မှန်ကန်တဲ့လမ်းကို ရွေးလာတာဖြစ်တဲ့အတွက် အားတော့မငယ်ဘူး။ အတတ်နိုင်ဆုံး ပြေလည်အောင် ကြိုးစားပြီးနေတယ်"
သူ့ခင်ပွန်း ကိုအောင်မျိုးသန့်ဟာ သူ တာဝန်ထမ်းဆောင်ရာ တနင်္သာရီတိုင်း၊ ကံပေါက် ဒေသ မောရဝတီ ရေတပ်ဌာနချုပ်ကနေ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ CDM ဝင်ခဲ့သူ ဖြစ်ပါတယ်။
"စစ်သားတွေနဲ့ ရဲတွေရဲ့ CDM မှာ ပါဝင်လာမှု နှုန်းထားဟာ မြန်မာ့သမိုင်းမှာ တော်တော်လေးကို မြင့်မားတယ်"
အခက်အခဲတွေ ရှိပေမယ့်လည်း CDM လုပ်ခဲ့တဲ့အပေါ် နောင်တမရဘဲ ဘဝမှာ တစ်ခါမှ မလုပ်ဖူးတဲ့ ပန်းရန်နဲ့ လက်သမားအလုပ် လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေတယ်လို့ ရေတပ် CDM ဝန်ထမ်း ကိုအောင်မျိုးသန့် က ပြောပါတယ်။
"စစ်တပ်ကနေ စွန့်ခွာလာပြီဆိုတာနဲ့ ကျနော်တို့မှာ ဘာလစာမှလည်း မရှိပါဘူး။ ဘာရိက္ခာမှလည်း မရှိပါဘူး။ ဒီလွတ်မြောက်နယ်မြေ တိုင်းရင်းသားတွေ ကနေ ကျွေးမွေးထားတဲ့ ရိက္ခာ၊ ပေးထားတဲ့နေရာနဲ့ အဲဒီနေရာလေးမှာ ကျနော်တို့ ရှင်သန်ခွင့် ရရှိနေတာပါ။ အဓိက ကတော့ ပြောချင်တာက CDM လုပ်လိုက်တဲ့အတွက် နောင်တမရဘူး။ CDM ဝင်လိုက်တဲ့အတွက် စိတ်ကျေနပ်မှု အပြည့်အဝ ရတယ်။ ကျနော်တို့ မသိသေးတဲ့ အပြင်လောကရဲ့ အနှစ်သာရတွေ အရမ်းရရှိတယ်။ ကိုယ့် မိသားစုအတွက် စားဝတ်နေရေး တစ်နေ့တာ ဖူလုံမှုရရှိရင် ကျနော် ကျေနပ်တယ်။ အခုလက်ရှိ နေထိုင်နေတဲ့ လွတ်မြောက် နယ်မြေနဲ့ နီးစပ်တဲ့ ကျေးရွာတွေမှာ ကျနော် တတ်မြောက်ထားတဲ့ ပန်းရန်နဲ့ လက်သမားအလုပ်ကို လုပ်ကိုင်နေပါတယ်"
တစ်နေ့ လုပ်အားခ မြန်မာငွေ နှစ်သောင်းနီးပါးနဲ့ ညီမျှတဲ့ ဘတ် ၃၀၀ ကနေ ၄၀၀ ဝန်းကျင် ရရှိတယ်လို့ သူက ဆိုပါတယ်။
အခက်အခဲကြားကပဲ လာမယ့် ဧပြီလမှာ သားသမီး လေးဦးကို လွတ်မြောက်နယ်မြေရဲ့ စာသင်ကျောင်း တစ်ကျောင်းမှာ ကျောင်း စထားဖို့ ပြင်ဆင်နေတယ်လို့ ဇနီးမောင်နှံ နှစ်ဦးစလုံးက ပြောပါတယ်။
စစ်သည်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် CDM ဝန်ထမ်းအားလုံးကို NUG ရဲ့ စီစဉ်မှုနဲ့ ပြည်သူ့ရင်ခွင် အဖွဲ့ကနေ ထောက်ပံ့ပေးနေပါတယ်။
ဒါပေမဲ့ လုံလောက်မှု မရှိတာကြောင့် CDM ဝန်ထမ်းတိုင်း အနည်းနဲ့အများတော့ အခက်အခဲတချို့ ကို ရင်ဆိုင်နေရတယ်လို့ ရဲနဲ့ စစ်သည် CDM ဝန်ထမ်းတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ ပြောခွင့်ရသူ ဗိုလ်ကြီး လင်းထက်အောင် က ပြောပါတယ်။
နယ်စပ်ဒေသတွေမှာ ခိုလှုံနေတဲ့ CDM တွေ စားဝတ်နေရေးအပြင် နေထိုင်ရေးပါ အခက်အခဲ ရှိနေတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တင် မကဘဲ ပြည်ပနိုင်ငံတွေကပါ ရေရှည်ရပ်တည်ရေးအတွက် ကူညီပေးစေချင်တယ်လို့ ဗိုလ်ကြီးလင်းထက်အောင် က ပြောပါတယ်။
"NUG ရဲ့ ပြည်သူ့ရင်ခွင်ကော်မတီက စီမံပေးမှုတွေတော့ ရှိပါတယ်၊ ဒါပေမဲ့ အပြည့်အစုံ တော့ မဟုတ်ဘူး ပြောရမှာပေါ့။ နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့သူတွေက နေထိုင်ရေး တွေမှာ အခက်အခဲတွေ ရှိတာ ပေါ့။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက Safe House တွေ စီစဉ်ပေးထားသော်ငြားလည်း တစ်ဖက်နိုင်ငံရဲ့ အခြေအနေပေါ် အများကြီး မူတည် တယ်။ ဒီလို နယ်စပ်တွေမှာ နေထိုင်တဲ့သူတွေရဲ့ အနေအထားတွေအရ ကျနော်တို့ ပြည်တွင်းက NUG နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအပြင် ပြည်ပနိုင်ငံတွေရဲ့ အကူအညီပါ ရရင်တော့ ကောင်းတာပေါ့။ CDM တွေနဲ့ ပတ်သက်ရင် ပြည်ပနိုင်ငံတွေရဲ့ အကူအညီတွေက ထင်သလောက် မရဘူးလို့ ပြောရမှာပေါ့"
CDM ဝန်ထမ်းတွေ စားဝတ်နေရေး ခက်ခဲနေတာနဲ့ ပတ်သက်ပြီး NUG နဲ့အတူ ပူးတွဲ လုပ်ကိုင်နေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ကို မေးမြန်းတဲ့အခါ CDM ဝန်ထမ်းတွေကို ငွေရေး ကြေးရေးသာ မကဘဲ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေပါ လုပ်ဆောင်ပေးနေတယ်လို့ ပြည်သူ့ ရင်ခွင်အဖွဲ့ အထွေထွေအတွင်းရေးမှုး ကိုဥက္ကာက ပြောပါတယ်။
"သူတို့ကို အရမ်းလေးစားတယ်။ သူတို့ရဲ့ တိုင်းပြည်နဲ့ ပြည်သူအပေါ်မှာထားတဲ့ စိတ်စေတနာကို ကျနော်တို့ တကယ့်ကို လေးစားဂုဏ်ယူတယ်။ ထောက်ပံ့တယ် ဆိုတဲ့အရာမှာ ငွေကြေးတစ်ခုတည်း မဟုတ်ဘဲ စိတ်ပိုင်ဆိုင်ရာ ပံ့ပိုးပေးတာ ရှိတယ်။ နေ့စဉ်ဘဝကို ပုံမှန် ပြန်လည်ပတ်နိုင်အောင်လို့ လုပ်ပေးထားတဲ့ အစီစဉ်တွေ ရှိတယ်။ နောက်ပြီးတော့ အရေးပေါ် လိုအပ်လာတဲ့အခါ ထောက်ပံ့တာတွေ ရှိတယ်။ ပုံစံ မျိုးစုံနဲ့ ထောက်ပံ့နေတာရှိပါတယ်"
အခက်အခဲမျိုးစုံကြားကပဲ စွန့်စွန့်စားစား အာဏာဖီဆန်ရေးလုပ်လာတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် CDM ဝန်ထမ်းတွေကို လေးစားတယ်လို့ ရန်ကုန်တိုင်း၊ ဒလမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး က RFA ကို ပြောပါတယ်။
"စစ်သားတွေနဲ့ ရဲတွေရဲ့ CDM မှာ ပါဝင်လာမှု နှုန်းထားဟာ မြန်မာ့သမိုင်းမှာ တော်တော်လေးကို မြင့်မားတယ်။ အထူးသဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေက CDM ဝင်ထားတာ အင်အားက တော်တော်ကို ကောင်းတဲ့အနေအထားမှာ ရှိတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးမှာ လူထုရဲ့ နှိုးကြားမှုကိုလည်း ထင်ဟပ် စေပါတယ်။ CDM မှာ တစ်သားတည်း ကျနေတာကိုက အင်မတန်ကို လေးစားစရာကောင်းတယ်လို့ ပြောချင် ပါတယ်”
CDM ဝင်လာတဲ့ စစ်သည်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ တတ်နိုင်သလောက် ကဏ္ဍမျိုးစုံမှာ ပြန်ပါဝင်နေတာမို့ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအတွက် တန်ဖိုးရှိတယ် လို့ NUG ကာကွယ်ရေးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင် က ပြောပါတယ်။
"CDM ဝင်လာတဲ့ စစ်သားနဲ့ရဲ အရေအတွက် အများကြီး ပြောင်းလာတာတော့ မရှိပါဘူး၊ သို့ပေမယ့် လက်နက်နဲ့ ဝင်လာတဲ့ ဦးရေကတော့ ပိုများလာတာတွေ့ရတယ်၊ CDM ဝင်လာတဲ့ သူတွေထဲမှာလည်း တိုက်ရေး၊ ခိုက်ရေးမှာ ပြန်ပါတာ ရှိတယ်။ လေ့ကျင့်ရေးတွေမှာ သင်တန်းနည်းပြ ဆောင်ရွက်ပေးတာ၊ လက်နက်ပစ္စည်း ထုတ်လုပ်ရေးမှာ ပါတာ၊ စစ်ရေးမဟာဗျူဟာအပိုင်းမှာ လေ့လာသုံးသပ် အကြံပေး တာတွေ၊ CDMတွေ ထပ်ဝင်လာအောင် ဆောင်ရွက်တဲ့ ပြည်သူ့ရင်ခွင်လိုမျိုး အစီစဉ်မှာ ပါဝင်တာမျိုးတွေ ရှိပါတယ်"
CDM ဝင်လာတဲ့ တပ်မတော်သားတွေထဲမှာ ရှေ့တန်းစစ်မျက်နှာစာကနေ လက်နက်ငယ်နဲ့အတူ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လာရောက်ပူးပေါင်းတာ ပိုများလာတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေအနေနဲ့ စစ်ကောင်စီအမိန့်ကို မနာခံဘဲ ပြည်သူနဲ့အတူ ပူးပေါင်းလာမယ်ဆိုရင် ဆုကြေးငွေ ပေးအပ်မယ်လို့ ၂၀၂၂ ခုနှစ် ဧပြီလမှာ (NUG) က ကမ်းလှမ်းချက် ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ လေယာဉ်၊ ရဟတ်ယာဉ်တွေ ယူဆောင်လာရင်၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နဲ့ ဆီသိုလှောင်ကန်၊ လက်နက်စက်ရုံ စတာတွေကို ဖျက်ဆီး နိုင်တာမျိုးဆိုရင် မြန်မာငွေ ကျပ်သိန်း တစ်သောင်းကနေ ကျပ်သိန်း နှစ်ထောင် အထိ ဆုကြေးငွေ ပေးအပ်မယ်လို့ ဖော်ပြထားပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရဲ့ စာရင်းတွေအရ မြန်မာစစ်တပ်မှာ စစ်သည်အင်အား ငါးသိန်းနီးပါး ရှိပြီး ဗီယက်နမ်စစ်တပ်ပြီးရင် ဒုတိယအကြီးဆုံး ဖြစ်ပါတယ်။
ဒီအရေအတွက်နဲ့ နှိုင်းယှဉ်ရင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာတဲ့ စစ်သည်အရေအတွက် နည်းလွန်းပေမယ့်လည်း ဒါဟာ စစ်အာဏာရှင်စနစ် အပြီးတိုင် ပြုတ်ကျရေးအတွက် ထူးခြားပြီး တန်ဖိုးရှိတဲ့ ပါဝင်မှုဖြစ်တယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောပါတယ်။