သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံးမြန်မာနိုင်ငံ
2024.11.01

(သတင်းသမားများအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုများ အဆုံးသတ်ရေး နိုင်ငံတကာနေ့အဖြစ် ထုတ်ဝေသည်။)
နိုဝင်ဘာလ ၂ ရက်နေ့ကို သတင်းသမားတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ အရေးယူမခံရဘဲ ကင်းလွတ်နေတာအဆုံးသတ်ဖို့ နှိုးဆော်တဲ့ နိုင်ငံတကာနေ့ (International Day to End Impunity for Crimes Against Journalists) အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။
အနောက်အာဖရိကတိုက်က မာလီနိုင်ငံမှာ ပြင်သစ်သတင်းထောက် နှစ်ယောက် လုပ်ကြံခံရတဲ့နေ့ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ၂၀၁၃ ခုနှစ်မှာ ရွေးချယ်သတ်မှတ်လိုက်တာပါ။ အဖွဲ့ဝင်နိုင်ငံတွေကလည်း သတင်းထောက်တွေကို ကာကွယ်ပေးဖို့နဲ့ တိုက်ခိုက်တဲ့သူတွေကို တရားရုံးတင်အရေးယူဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာလည်း စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း သတင်းသမားတွေ ဖမ်းဆီး သတ်ဖြတ် ထောင်ချခံရတာတွေရှိခဲ့သလို ကျူးလွန်တဲ့သူတွေကို အရေးယူတာမရှိတဲ့အတွက် ၂၀၂၄ ခုနှစ်အတွက် အဆိုးဆုံးဖြစ်တဲ့ အဆင့် ၁၀ မှာရှိတယ်လို့ CPJ သတင်းသမားများကာကွယ်ရေးအဖွဲ့က မကြာသေးခင်က ထုတ်ပြန်ခဲ့ပါတယ်။
ဇန်နဝါရီလကနေ အောက်တိုဘာလကုန်ပိုင်းအထိ သတင်းထောက် သုံးယောက်သတ်ဖြတ်ခံခဲ့ရပြီး ထောင်ချခံထားရတဲ့ တစ်ယောက်က အကျဉ်းထောင်မှာ သေဆုံးခဲ့ရပါတယ်။ အသတ်ခံရတဲ့သတင်းထောက် သုံးယောက်ကတော့ ရခိုင်ပြည်နယ်မှာ အဖမ်းခံရတဲ့ ကိုဖိုးသီဟ (ခေါ်) ကိုမြတ်သူထွန်း၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အဖမ်းခံရတဲ့ ကိုထက်မြတ်သူနဲ့ ကိုဝင်းထွဋ်ဦးတို့ ဖြစ်ပါတယ်။ အကျဉ်းထောင်ထဲ သေဆုံးရတဲ့သူကတော့ DVB သတင်းထောက်ဟောင်း ကိုနေလင်းထိုက် ဖြစ်ပါတယ်။ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ကိုဖေမောင်စိမ်းကိုလည်း ကွယ်လွန်ခါနီးမှ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
နှစ်ရှည်ထောင်ချခံရတဲ့ သတင်းသမား ခုနစ်ယောက်ကတော့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ၊ Dawei Watch မီဒီယာက သတင်းထောက်တွေဖြစ်တဲ့ ကိုအောင်ဆန်းဦး၊ ကိုမျိုးမြင့်ဦး၊ မုံရွာမြို့ အခြေစိုက် DVB သတင်းထောက် ကိုရန်နိုင်စိုး၊ The People’s Voice သတင်းဌာနက ကိုသူရအောင်၊ ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ဖြစ်ပါတယ်။ လက်ရှိထောင်တွေမှာရှိနေတဲ့ သတင်းသမားစုစုပေါင်းက ၆၄ ယောက်ဖြစ်တယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း သတ်ဖြတ်ခံရတဲ့ သတင်းသမားစုစုပေါင်း ခုနှစ်ဦးအထိ ရှိလာပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အခြေစိုက် သတင်းထောက် ဖိုးသီဟ (ခေါ်) ကိုမြတ်သူထွန်းအား ၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာမှာ တွေ့ရစဉ်။ (Photo: RFA)

ကိုဖိုးသီဟ(ခေါ်) ကိုမြတ်သူထွန်း
ကိုဖိုးသီဟ (ခေါ်) ကိုမြတ်သူထွန်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ စစ်တပ်နဲ့ ရဲက ဖမ်းသွားပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတာပါ။ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အာရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်တဲ့အချိန်မှာ သူတို့ကို ရဲစခန်းအချုပ်ကနေ မြောက်ဦးအခြေစိုက် ခမရ (၃၇၈) တပ်ရင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြောင်းရွှေ့ပါတယ်။ အဲဒီအချိန်မှာ သတ်ဖြတ်ခံရတာပါ။ သူအပါအဝင် အရပ်သားခုနှစ်ယောက်ကို သတ်လိုက်တဲ့ စစ်ကောင်စီတပ်သားတွေကို အာရက္ခတပ်တော် (AA) က ဖမ်းမိခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကို ဘယ်လို အရေးယူထားလဲဆိုတာ AA က တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။ ကိုဖိုးသီဟရဲ့မိတ်ဆွေ Border News Agency တည်ထောင်သူ ကိုကောင်းမြတ်နိုင်က ဒီအကြောင်းကို သိချင်နေပါတယ်။
“မြောက်ဦးမှာ အသတ်ခံရတဲ့ သတင်းထောက် ဖိုးသီဟကိစ္စနဲ့ပတ်သက်တယ်ဆိုရင်လည်း ကျူးလွန်ခဲ့တဲ့ စ.က.စ တပ်ဖွဲ့ဝင်တချို့ကို ULA/AA က ဖမ်ဆီးရထားတာတွေရှိတာပေါ့။ အဲဒီလိုမျိုး ဖမ်းဆီးရထားတဲ့ သူတွေကို ဘယ်လိုမျိုး ထိထိရောက်ရောက် အရေးယူထားတာတွေ ရှိသလဲပေါ့။ သူတို့အနေနဲ့ အရေးယူမှု အပိုင်းနဲ့ မဟုတ်ဘူး ဆိုရင်နိုင်ငံတကာကို လွှဲပေးမလားပေါ့။ အဲလိုကိစ္စတွေကိုတော့ ULA/AA က လည်းပွင့်ပွင့်လင်းလင်း ချပြသင့်တယ်”
ကိုဖိုးသီဟဟာ DVB ၊ 7 Day၊ The Voice ၊ DMG သတင်းဌာနနဲ့ ပြည်တွင်းပြည်ပ သတင်းဌာနတွေမှာ သတင်းထောက်လုပ်ခဲ့ပါတယ်။ အဖမ်းခံရတဲ့အချိန်ကလည်း Western News သတင်းဌာနကို ကူညီနေတဲ့သူ ဖြစ်ပါတယ်။ ကိုဖိုးသီဟ သေဆုံးချိန်မှာ ဇနီးနဲ့သားသမီးတွေ ကျန်ခဲ့တယ်လို့ ကိုကောင်းမြတ်နိုင် က ပြောပါတယ်။
ကိုထက်မြတ်သူ နဲ့ ကိုဝင်းထွဋ်ဦး
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာမှာ ၂၀၂၄ ဩဂုတ်လ ၂၁ ရက်နေ့က အလွတ်သတင်းထောက် ကိုထက်မြတ်သူရဲ့အိမ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်နေတယ်ဆိုပြီး သတင်းပေး တိုင်ကြားခံရတာကြောင့် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ပါတယ်။
ဒါကြောင့် အလွတ်သတင်းထောက်တွေဖြစ်တဲ့ အသက် (၂၈) နှစ်အရွယ် ကိုထက်မြတ်သူနဲ့ အသက် (၂၆) နှစ်အရွယ် ကိုဝင်းထွဋ်ဦးတို့အပါအဝင် အဲဒီအိမ်ကိုရောက်နေတဲ့ ဒေသခံတစ်ယောက်နဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးခဲ့ပါတယ်။ ကိုထက်မြတ်သူဟာ The Voice of Than Phyu Zayat မှာ သတင်းထောက်လုပ်ခဲ့တဲ့သူဖြစ်ပြီး ကိုဝင်းထွဋ်ဦးကတော့ DVB သတင်းဌာနနဲ့ The Nation Voice သတင်းဌာနကို ဒေသတွင်း သတင်းတွေပို့နေတဲ့သူ ဖြစ်ပါတယ်။
၂၀၂၁ ဒီဇင်ဘာလမှာ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင် ရန်ကုန်မြို့မှာ အဖမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးသွားပါတယ်။ အဲဒီလမှာပဲ ဖက်ဒရယ်ဂျာနယ်အယ်ဒီတာ အေစိုင်းကေ (ခ) စိုင်းဝင်းအောင်ဟာ ကရင်ပြည်နယ် လေးကေ့ကော်မှာ တိုက်ပွဲဖြစ်တဲ့အချိန် လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ ၂၀၂၂ ဇန်နဝါရီလမှာ ချင်းပြည်နယ်အခြေစိုက် Khonumthung သတင်းဌာနတည်ထောင်တဲ့သူ ဆလိုင်းသွီဒင်းဟာ ဒေသခံတွေနဲ့အတူ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာခံရပါတယ်။ ၂၀၂၂ ဇူလိုင်လမှာ စစ်ကိုင်းမြို့က ဓာတ်ပုံသတင်းထောက် ကိုအေးကျော်လည်း စစ်ကောင်စီတပ်ကဖမ်းသွားပြီးတဲ့နောက် သေဆုံးခဲ့ပါတယ်။
ဒီကိစ္စတွေကို နောင်တစ်ချိန်မှာအရေးယူနိုင်အောင်ကြိုးစားရမယ်လို့ မဲခေါင်သတင်းဌာန တာဝန်ခံ အယ်ဒီတာ ကိုဉာဏ်လင်းထက်က ပြောပါတယ်။
“ဒီဟာတွေ အကုန်လုံးကို ကျွန်တော်တို့က မှတ်တမ်းတင်ထားမယ်၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ သိအောင်လုပ်မယ်ပေါ့လေနော်။ ထိထိရောက်ရောက် နောင်တစ်ချိန်မှာ အရေးယူနိုင်အောင် မှတ်တမ်းတွေပြင်ဆင်ထားမယ်။ ဒီလိုမျိုးပဲလုပ်လို့ ရလိမ့်မယ် ထင်ပါတယ်”
ကိုနေလင်းထိုက်
အသက် ၄၅ နှစ်အရွယ် DVB သတင်းထောက်ဟောင်း ကိုနေလင်းထိုက်ဟာ ၂၀၂၂ မှာ ထောင်ဒဏ် ရှစ်နှစ်ချခံထားရပြီး ဒီနှစ် ဇူလိုင် ၂၉ ရက်နေ့က ကင်ဆာရောဂါနဲ့ အင်းစိန်ထောင်မှာ သေဆုံးခဲ့ရပါတယ်။ သူ့ကို ပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၂ (က) တို့နဲ့ တရားစွဲပြီး ထောင်ချထားတာပါ။
ကိုဖေမောင်စိမ်း
ကိုဖေမောင်စိမ်းကို ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်က လွိုင်ကော်မြို့မှာ ဖမ်းလိုက်ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ထောင် သုံးနှစ် ချထားတာပါ။ သူ့ကို အင်းစိန်ဆေးရုံမှာ ခြေချင်းနဲ့ ဆေးရုံတင်ထားပြီး ကျန်းမာရေးဆိုးရွားနေတဲ့အချိန် သြဂုတ်လ ၁၆ ရက်နေ့မှာ လွှတ်ပေးလိုက်ပါတယ်။ သြဂုတ်လ ၁၉ ရက်မှာတော့ ရန်ကုန်မြို့ ဆာကူရာဆေးရုံမှာ ကွယ်လွန်သွားပါတယ်။ ကိုဖေမောင်စိမ်းဟာ Yangon Film School ရဲ့ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို မှတ်တမ်းရုပ်ရှင်တွေလည်း ဖန်တီးရိုက်ကူးခဲ့ပြီး နိုင်ငံတကာဆုတွေ ရရှိခဲ့ပါတယ်။
နှစ်ရှည်ထောင်ဒဏ်ကျ သတင်းထောက်များ
အခုနှစ်အတွင်းမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့ နှစ်ရှည်ချမှတ်ခံရတဲ့ သတင်းသမားခုနှစ်ဦး ရှိခဲ့ပါတယ်။
မှတ်တမ်းရုပ်ရှင် ဖန်တီးသူ ရှင်ဒေဝီကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က မြောက်ဥက္ကလာ အောင်မင်္ဂလာ အဝေးပြေးကွင်းမှာ ရိုက်ကူးရေးဒရုန်းသွားယူတဲ့အချိန် စစ်ကောင်စီ ထောက်လှမ်းရေးတွေက ဖမ်းလိုက်ပြီး ၂၀၂၄ ဇန်နဝါရီ ၁၀ ရက်မှာ အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။
တနင်္သာရီတိုင်းသတင်းတွေကို ရေးသားဖော်ပြနေတဲ့ Dawei Watch မီဒီယာက သတင်းထောက်တွေဖြစ်တဲ့ ကိုအောင်ဆန်းဦးကို စစ်ကောင်စီက ၂၀၂၄ ဖေဖော်ဝါရီလမှာ ထောင် အနှစ်နှစ်ဆယ် ချမှတ်ခဲ့ပါတယ်။ ကိုမျိုးမြင့်ဦးကိုလည်း မေလမှာ မြိတ်ထောင်စစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။
၂၀၂၄ ဇွန်လ ၂၈ ရက်နေ့မှာ ရခိုင်ပြည်နယ် အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့နှစ်ဦးကို စစ်တွေမြို့နယ်တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီချမှတ်ခဲ့ပါတယ်။ ကိုထက်အောင်ကို ပုသိမ်ထောင်ကို ပြောင်းလိုက်ပြီး အောက်တိုဘာလ ၂၈ ရက်နေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။ နောက်ထပ် သူတို့ဝန်ထမ်း ၁၈ ယောက်လည်း ပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်ခံထားပြီး တရားခံပြေးတွေအဖြစ် သတ်မှတ်ခံထားရတယ်လို့ DMG သတင်းဌာနက ထုတ်ပြန်ထားပါတယ်။
၂၀၂၄ မတ်လ ၂၅ ရက်နေ့မှာ မုံရွာမြို့အခြေစိုက် DVB သတင်းထောက် ကိုရန်နိုင်စိုးကို ထောင်ဒဏ် လေးနှစ်၊ မေလမှာ The People’s Voice သတင်းဌာနက သတင်းထောက် ကိုသူရအောင်ကို ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါတယ်။
သတင်းထောက်တွေကို ထောင်ဒဏ်တစ်သက် တစ်ကျွန်းအထိချနေတာ မဖြစ်သင့်ဘူးလို့ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက မှတ်ချက်ပြုပါတယ်။
“သူတို့ရေးတဲ့အပေါ်မှာ ဒီဟာကဘယ်လောက်အထိ ဖြစ်နိုင်တယ်ဆိုတဲ့အပေါ်မှာ စုံစမ်းစစ်ဆေးတာလောက်ပဲ လုပ်သင့်တယ်။ ပြစ်ဒဏ်ပေးတဲ့အထိတော့ ကျွန်မတို့က လက်မခံချင်ဘူး”
သတင်းသမားတွေ၊ သူတို့မိသားဝင်တွေရဲ့ အိမ်တွေ ချိပ်ပိတ်ခံရတာတွေရှိသလို၊ ချိပ်ပိတ်ခံရမယ်လို့ အကျပ်ကိုင်ခံရတာတွေလည်း ရှိနေပါတယ်။
သတင်းထောက်တွေ ဖမ်းဆီးသတ်ဖြတ်ခံနေရတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာမရှိပါဘူး။
စစ်ဖြစ်တဲ့ဒေသတွေမှာ သတင်းထောက်တွေ ထိခိုက်ဒဏ်ရာရ
TNLA နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ သီပေါမြို့မှာ စက်တင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းကနေတိုက်လို့ ဒဏ်ရာရတဲ့သူတွေထဲမှာ ရွှေဖီမြေနဲ့ သံလွင်ခက်သတင်း ဌာနက သတင်းထောက်နှစ်ဦး ပါခဲ့ပါတယ်။
သံလွင်ခက်သတင်းထောက် ကိုချေးဟာ ဒဏ်ရာကြောင့် လမ်းပြန်လျှောက်လို့ မရသေးဘူးလို့ ပြောပါတယ်။
“ထိတာက ကျွန်တော့်ဘယ်ခြေထောက်ပေါ့။ ကျွန်တော်တို့က ရှေ့တန်းမှာ သတင်းဓာတ်ပုံတွေ ယူပြီးတော့မှအပြန် ရွာတစ်ရွာမှာ ကျွန်တော်တို့ ခဏနားတဲ့အိမ်မှာပဲ မထင်မှတ်ဘဲနဲ့ လေယာဉ်က လာပစ်သွားတာပေါ့”
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်မြေမှာလည်း တစ်ခါတစ်လေ နားလည်မှု လွဲပြီးဖမ်းဆီးစစ်ဆေးခံရတာတွေရှိနေပါတယ်။ ကချင်ပြည်နယ်မှာတော့ Red News Agency က သတင်းထောက် ကိုတာလင်းမောင်နဲ့ အလွတ်သတင်းထောက် ကိုနောင်ရိုးတို့ကို KIA က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဖမ်းဆီးခဲ့ပြီး အောက်တိုဘာလ ၂၇ ရက် နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
သူတို့ရေးတဲ့ သတင်းတွေအတွက် ခေါ်ယူမေးမြန်းတာလို့ ကိုနောင်ရိုးက ပြောပါတယ်။ သူဟာ စစ်တပ် အာဏာသိမ်းကာစ ၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီ ဖမ်းဆီးတာကိုခံရပြီး ၂၀၂၂ ခုနှစ်မှာ ပြန်လွတ်လာတဲ့သူ ဖြစ်ပါတယ်။
ဆက်နွှယ်သော သတင်းများ
မြန်မာသတင်းသမားတွေကို RSF ကူညီမည်
သတင်းထောက်တစ်ဦးရဲ့ ဘဝခရီးကြမ်း
အဆိုးရွားဆုံး ပစ်မှတ်ထားဖိနှိပ်မှုနဲ့ ရင်ဆိုင်နေရကြောင်း မြန်မာသတင်းသမားတွေပြော
စစ်တပ်အာဏာသိမ်းထားပြီးနောက်ပိုင်း လိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းဌာန ၁၇ ခုရှိခဲ့ပါတယ်။ အဲဒီထဲမှာ Myanmar Now၊ DVB ၊ ခေတ်သစ်၊ 7 Days၊ Mizzima၊ ဧရာဝတီသတင်းဌာနတို့ပါခဲ့ပါတယ်။
ဒါကြောင့် သတင်းသမားတွေဟာ သူတို့အလုပ်ကိုသူတို့ လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်မရကြဘူးလို့ ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်သောသတင်းမီဒီယာကောင်စီ (IPCM) အတွင်းအရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။
“အပြင်မှာလုပ်နေတဲ့ မီဒီယာသမားတွေက ဘယ်သူမှ မီဒီယာဆိုပြီးတော့ တရားဝင်လုပ်နေတာ မဟုတ်ဘူးလေ။ အဲတော့ ဘယ်ဥပဒေ အောက်မှာမှ မရှိဘူး။ အချိန်မရွေး အဖမ်းခံရနိုင်တယ်။ ပြန်အပို့ခံရနိုင်တယ်”
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့် ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ အဖြစ်သတ်မှတ်ခံရပြီး အန္တရာယ် အများဆုံးအဆင့်မှာ ရှိနေပါတယ်။